သထုံ၌ အောက်ဆီဂျင်စက်ရုံ စမ်းသပ်လည်ပတ်

mdn

သထုံ   အောက်တိုဘာ   ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ် အောက်ဆီဂျင်ရရှိရေး အထောက်အကူ ပြုနိုင်ရေးအတွက် သထုံမြို့ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံသစ်မှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ စမ်းသပ်လည်ပတ်လျက်ရှိပြီ ဖြစ်သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း၏ ဒုတိယမြောက်စက်ရုံဖြစ်ပြီး ၂၄ နာရီစက်စွမ်းအားပြည့် လည်ပတ်ပါက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂၀ ထုတ်လုပ်နိုင်မည်ဖြစ်သည့် 80Nm3 PSA type Oxygen Plant ဖြစ်ကြောင်း အရေးပေါ် အောက်ဆီဂျင်လိုအပ်သူ မည်သူမဆို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းတွင် ယခင်က တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးပေါင်း ၃၀ ခန့်ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံဟောင်းမှ နေ့စဉ် အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဝေပေးနေသော်လည်း ကိုဗစ်-၁၉ ကာလ၌ လိုအပ်မှုပမာဏ ပိုမိုမြင့်တက်လာရာ ယခု စက်ရုံအသစ်အား ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သထုံခရိုင်အတွင်းရှိ လူမှုကူညီရေးအသင်းများ ပြည်သူ့ဆေးရုံများ၊ အနီးဝန်းကျင်ဒေသများရှိပြည်သူ့ဆေးရုံများ၊ ရပ်ရွာအတွင်းရှိ ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သူများတို့ထံ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)