သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်အဖွဲ့တို့က သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ဈေးမသွယ်(အထက်)ကျေးရွာတို့ရှိ သန်းခေါင်စာရင်းကောက်ကွက်များ၌ အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းကောက်ယူကြရာ သထုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်အဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်တို့ကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၃၆ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှစတင်ကာ စာရင်းစစ်၊ စာရင်းကောက် ၁၄၃ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကောက်ကွက်ပေါင်း ၃၁၅ ကွက်၊ အိမ်ထောင်စုပေါင်း ၃၀၈၂၈ စု ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


