ဘားအံ၊ ၂၆ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်း ကျေးရွာများရှိ ရေတွင်း၊ ရေကန် အင်း အိုင်အချို့တွင် ရေအရောင်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပေး ရှင်းလင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပန်းကုန်းကျေးရွာအုပ်စု ကော့ပတိုင်ကျေးရွာ အလယ်တန်း ကျောင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် လူမှုရေး ဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က ၂၀၁၉ ခုနှစ် အောက်တိုဘာလခန့်က ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စုများရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန် အချို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ FDA ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွှယ်ဆက်စပ်နေသော ဌာနများက ဆောင်ရွက်ခဲ့သည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုရလဒ်အဖြေများ၊ ကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေတွင်း ရေကန်များ တူးဖော်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သံလွင်မြစ်အနောက်ဘက်ကမ်းကျေးရွာများတွင် ရေအရောင်ပြောင်းလဲခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စုများရှိ ကျေးရွာ များမှ ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


