Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတည်ပြု

ဇွန် ၂

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံထုတ် Sinovac Biotech ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့သည်။

ယင်းသို့ အတည်ပြုခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကမ္ဘာတစ်ဝန်းသို့ COVAX အစီအစဉ်မှတစ်ဆင့် ပေးပို့ရာတွင်  ထိုကာကွယ်ဆေးကိုအသုံးပြုရန် ခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို မေလက အတည်ပြုခဲ့ပြီးနောက် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန်စာရင်းတွင် ထည့်သွင်းခံရသော ဒုတိယမြောက် တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုခဲ့သော အရေးပေါ်အသုံးပြုရန် ထည့်သွင်းထားသည့် ကိုဗစ်ကာကွယ်ဆေးစာရင်းတွင် Pfizer BioNTech၊ AstraZeneca၊ Johnson & Johnsonနှင့် Moderna ကာကွယ်ဆေးတို့ပါဝင်သည်။

ကိုဗစ်ကာကွယ်ဆေးများ၏ထိရောက်မှုနှင့်လုံခြုံမှုကို အတည်ပြုသည့် ကာလပတ်လုံး COVAX အစီအစဉ်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်ကာကွယ်ဆေးပေးပို့ခြင်းကို ဆက်လက်၍အရှိန်မြှင့်လုပ်ဆောင်သွားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူများက စီစဉ်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို