ရန်ကုန်၊ ဖေဖော်ဝါရီ ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ သာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ပရိ၀ဏ်အတွင်း ကျင်းပသည်။

 

အခမ်းအနားသို့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

 

ဦးစွာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

 

ထို့နောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကာ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် ပင့်သံဃာတော်အား အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်