နေပြည်တော် အောက်တိုဘာ ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ ကောင်စစ်ဝန် (Economic and Commercial Affairs) ဖြစ်သူ Mr. Andrei Iunak နှင့် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုး မြှင့်တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း သီးနှံများအပြင် သရက်၊သခွား၊နာနတ်၊ ထောပတ် ၊ ငါး၊ ပုဇွန် စသည့် အမယ်သစ်များ ရုရှားနိုင်ငံသို့ တိုးမြှင့် တင်ပို့နိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ကို လည်းကောင်း၊ သီးနှံ၊ သားငါး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ နည်းပညာ နှင့် သုတေသန လုပ်ငန်းများ၊ သွင်းအားစု ထုတ်လုပ်ရေး၊ လယ်ယာထွက်ကုန် ကုန်ချောပစ္စည်း ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင် သိုလှောင်မှုလုပ်ငန်းများ တွင် ရုရှားနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီမြှုပ်နှံ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား အစားအစာဘေး ကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး ၊ စားနပ်ရိက္ခာလုံခြုံမှု အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာ့ ရေထွက်ကုန် ငါးတန် (Pangasius)နှင့် ပုစွန်ဖြူ (Vanamie)အား ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေး၊ ပုဇွန် အတွက် သက်ရှိအစာ (live foods) ဖြစ်သည့် အာတီးမီးယား (Artimia)ကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


