ရန်ကုန် ၂၄ ဒီဇင်ဘာ
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ပင်မြစ်-ဝါးပြားကျေးလက် မြေသားလမ်းကို ဂျာမနီဘဏ် ဖွံ့ဖြိုးရေးအကူအညီဖြင့် တောင်ကြီးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကတ္တရာခင်းခြင်းနှင့် လမ်းပေါ်ရှိ ရေပေါက်တံတားများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်လမ်းသည် ယခင်ကမိုးတွင်းကာလတွင် အသုံးပြုသွားလာ၍ မရဘဲ ရွံနွံ့ထူထပ်သည့် လမ်းတစ်လမ်း ဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ဂျာမနီနိုင်ငံ ဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် ယူရိုငွေ ၁ ဒသမ ၅၂၃ သန်း အကုန်ကျခံ၍ လမ်းအရှည် ၁၁ ဒသမ ၁၇၄ ကီလိုမီတာကို ကတ္တရာခင်းခြင်းနှင့် လမ်းပေါ်ရှိ ရေပေါက်တံတား (၃၇) စင်း တည်ဆောက်ခဲ့သည်။
ထိုကဲ့သို့ပင် မကျောရိုးလမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးလိုက်သဖြင့် ရပ်စောက်-ရွှေညောင်-ပင်ဖြစ်-ဆက်သေ-မိုင်းယျဉ်း၊ ဟိုပုံး၊ ရပ်စောက်မြို့နယ်တို့ကို ဆက်သွယ်ထားသောလမ်းအဖြစ် ထိုဒေသရှိ ကျေးရွာ (၁၄) ရွာ၊ အိမ်ထောင်စု (၁၆၂၀) ၊ လူဦးရေ (၁၂၉၆၇) ဦးတို့အတွက် အကျိုးရှိမည်ဖြစ်ပြီး ရပ်စောက်မြို့နယ်လမ်းတွင် ဝါးကြောင်းကျေးရွာအုပ်စုနှင့် မြစ်တောင်ကျေးရွာအုပ်ရှိ လယ်ယာ၊ ဥယျာဉ်တို့မှ ထွက်ရှိသည့်သီးနှံများ ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်ပေးနိုင်တော့မည် ဖြစ်သည်။
ခရမ်းစိုးမြင့်


