ရန်ကုန် ၆ စက်တင်ဘာ
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓာတ်ပုံပြပွဲ ဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ အင်းလျားဆောင် ကျောင်းသူနှင့် ကျောင်းသူဟောင်းများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အင်းလျားဆောင်အတွင်း ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှု့ခဲ့ကြသည်။ အင်းလျားဆောင် မျိုးဆက်ဟောင်း/မျိုးဆက်သစ်ကျောင်းသူများမှ မြန်မာ့အသံ ဦးငြိမ်းမောင်စပ်ဆိုသော အင်းလျားဆောင်သီချင်းဖြင့် ဧည့်ပရိသတ်အား ကြိုဆိုဧည့်ခံခဲ့သည်။
ရန်ကုန်တက္ကသိုလ်သမိုင်းတွင် အင်းလျားဆောင်သူများ၏ ကဏ္ဍစုံပါဝင်လှုပ်ရှားခဲ့ပုံများကို သိရှိစေရန်၊ အစဉ်အလာကြီးမားခဲ့သော အင်းလျားဆောင်သူများကို အားကျအတုယူကာ နိုင်ငံတာဝန်ကို ဆထက်ထမ်း ပိုးဆောင်ရွက်လာကြစေရန်နှင့် ခရီးတစ်ထောက် နားခိုခဲ့သည့် အင်းလျားဆောင်၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်အတွက် ယခုကဲ့သို့ ဓာတ်ပုံပြပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အင်းလျားဆောင်တွင် ၁၉၈၆ - ၉၂ ခုနှစ်အထိ ဂုဏ်ထူးတန်းတက်ရောက်ခဲ့သော ကျောင်းသူဟောင်း တစ်ဦးဖြစ်သည့် ဒေါက်တာရွှေစင်ဘုန်းနိုင်၊ တွဲဖက်ပါမောက္ခ သမိုင်းဌာန(ငြိမ်း)က “စစ်ကြိုခေတ်၊ စစ်ပြီးခေတ် အင်းလျားဆောင်သူတွေရဲ့ ဝတ်စားပုံတွေနဲ့ အခုဝတ်စားဆင်ယင်ပုံတွေက တော်တော်ကြီးကို ကွာခြားသွားတာကို ဒီဓာတ်ပုံတွေကနေ သမိုင်းသက်သေထူပေးမှာပါ။ နောက်စိန်ရတု မတိုင်မီ အင်းလျားဆောင်သူတွေရဲ့ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေ ပါပါတယ်။ ဒီအဆောင်မှာဆိုရင် စကားရည်လုပွဲတွေ ကျွန်မကိုယ်တိုင်လည်း ပါဝင်ဖူးပါတယ်။ စကားရည်လုပွဲတွေ လုပ်တယ်၊ အငြိမ့်တွေကတယ်။ အဲဒီလို တော်တော်လေး ထွန်းထွန်းပေါက်ပေါက် လုပ်ခဲ့တဲ့လုပ်ရပ်တွေကို ကျွန်မတို့ မီးမောင်းထိုးပြီးပြသထားပါတယ်” ဟု ဓာတ်ပုံပြပွဲတွင် ပြသထားမှုများနှင့်ပတ်သက်၍ ပြောကြားသည်။
အဆိုပါ ဓာတ်ပုံပြပွဲတွင် စစ်ကြိုခေတ်- စစ်ပြီး ခေတ်ကာလ မှတ်တမ်းဓာတ်ပုံများ၊ စစ်ကြိုခေတ်-စစ်ပြီးခေတ်-မျက်မှောက်ခေတ်ကာလ နယ်ပယ်အသီးသီးတွင် ထူးချွန်ထင်ရှားကြသော အင်းလျားဆောင်သူများ၊ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော အင်းလျားဆောင် အဆောင်မှူးများနှင့် အဆောင်နည်းပြများ၊ ခေတ်အဆက်ဆက် အင်းလျားဆောင်သူများ၏ ဝတ်စားဆင်ယင်ပုံလှမျိုးစုံကဏ္ဍ၊ စိန်ရတုမတိုင်မီ အင်းလျားဆောင်သူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အင်းလျားဆောင် ကျောင်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ရာပြည့်အကြို အင်းလျားဆောင်သူများ၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ မျိုးဆက်သစ် အင်းလျားဆောင်သူများ၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ စသော ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ဖြတ်သန်းခဲ့သော အင်းလျားဆောင် အခန်းကဏ္ဍများကို ပြသထားသည်။
၁၉၃၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပြီးဖြစ်သော ရန်ကုန်ယူနီဗာစတီ၏ အမျိုးသမီးဆောင်ကို အမည်ပေးရန် အမျိုးမျိုးစဉ်စားကြပြီး ၁၉၃၁ ခုနှစ် ဇွန်လတွင် အင်းလျားဆောင်ဟု အမည်တွင်သော ကျောင်းဆောင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဝိတိုရိယကန်ဟု ခေါ်ခဲ့သော အင်းလျားကန်ကို မျက်နှာမူ၍ တည်ရှိသောကြောင့် အင်းလျားဆောင်ဟု အမည်ခေါ်တွင်လာသည်ဟု ယူဆကြသည်။ အင်းလျားဆောင်သည် ၁၉၃၀ ခုနှစ် တောင်သူလယ်သမားအရေးတော်ပုံကာလမှသည် ၂၀၁၉ ခုနှစ်တိုင်အောင် နိုင်ငံတော်အတွက် ထူးချွန်ထင်ရှားသော တက္ကသိုလ်ကျောင်းသူများ မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိသော ရန်ကုန်တက္ကသိုလ်၏ အဆောင်တစ်ဆောင်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အတွက် အင်းလျားဆောင်မျိုးဆက်ဟောင်း/ မျိုးဆက်သစ်တို့က မဂ္ဂဇင်းထုတ်ဝေရန်၊ မိတ်ဆုံညစာစားပွဲများ၊ အနုပညာဖျော်ဖြေပွဲများ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကျင်းပလျက်ရှိသော ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို အင်းလျားဆောင် Main Hall တွင် စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိပြီး မည်သူမဆို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ဓာတ်ပုံ-ထိန်လင်း


