ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက်

ရန်ကုန် ၁၀ မေ

 

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ ခန်းမ (၃)တွင် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

ရှေဦးစွာ ဝန်ကြီးချုပ်က လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေးများနှင့် ကိုဗစ်ဖြစ်ပွားနေမှုများ ရှုပ်ထွေးနိုင်သည့် အခြေအနေများ ရှိလာနိုင်သောကြောင့် စနစ်တကျပြင်ဆင်ထားရှိရေး၊ လှိုင်သာယာနှင့် တာမွေမြို့နယ်များရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေတ္တာရပ်ခံချက်အရ ၎င်းမြို့နယ်များ၏ သတ်မှတ်ဧရိယာများကို ကျန်းမာရေးစစ်ဆေးပေးမည့် အစီအစဉ်များအတွက် လေ့လာစမ်းစစ်မှုပြုပြီး စနစ်တကျ လုပ်ဆောင်ရန်တို့ လိုအပ်သည့်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်မှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများ၊ အချို့သော စက်ရုံ၊ အလုပ်ရုံများကို သေချာစွာ သွားရောက်စစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းခွင်ဝင်ရောက်နေမှုများ၊ မြို့နယ်ကျန်းမာရေးဌာနများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို ၂၁ ရက် Ouarantine ထားရှိမှု အခြေအနေများ၊ စေတနာဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးဝန်ကြီးများ၊ ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)