ရန်ကုန်၊ ၁၀ ဇန်နဝါရီ
ငလျင်အန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတပ်ခွဲအဆင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဧရာချမ်းသာကွန်ဒို၌ ပြုလုပ်သည်။
အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းသရုပ်ပြပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်အန္တရာယ်ဖြစ်ပေါ်လာပါက ဖြစ်လာနိုင်သည့် မီးလောင်မှုနှင့် ငလျင်လှုပ်ခတ်မှုအခြေအနေကို မျက်မြင်မြင်တွေ့ရမှု အခြေအနေပေါ်တွင် စီမံဆောင်ရွက်ခြင်း၊ မြေပြင်အခြေအနေပေါ်တွင် တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ဘေးဒုက္ခရောက်ရှိနေသော လူနာများအား ဦးစားပေးအဆင့်အလိုက် ရှာဖွေကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ ဘေးအန္တရာယ်ကျ ရောက်နေသည့် လူနာများကျန်ရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့်အနေဖြင့် အပျက်အစီးများကို ယာဉ်/ယန္တရား အသုံးပြု ရှင်းလင်းခြင်းတို့ကို သရုပ်ပြဆောင်ရွက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးက “မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေး တပ်စုဆိုပြီး ၃၅ ဦးစီနဲ့ဖွဲ့စည်းပြီး လေ့ကျင့်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာ အထပ်မြင့် အဆောက်အဦတွေ များပြားတဲ့အတွက် အကယ်၍ ငလျင်အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ရင် မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှု၊ လျင်မြန်မှုရှိစေရေးအတွက် တပ်ခွဲအဆင့် ၁၁၆ ယောက်နဲ့စုစည်းပြီး ဇာတ်တိုက် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။
ငလျင်အန္တရာယ် ဖြစ်ပေါ်လာမယ်ဆိုရင် တစ်ပြိုင်နက်တည်းလုပ်ရမယ့် လုပ်ငန်းတွေဖြစ်တဲ့ မီးငြိမ်းသတ်ရေး လုပ်ငန်းတွေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အခုလို လေ့ကျင့်သား ပြည့်ဝမှသာ ငလျင်အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
သတင်းနှင့်ဓာတ်ပုံ/မင်းသစ် (MNA)


