ရေစကြို ၁ စက်တင်ဘာ
မကွေးတိုင်းဒေသရှိ ရေစကြိုရှိ နာမည်ကျော် ရှင်မတောင် သနပ်ခါးထွက်ရှိရာ ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်း ရှင်မတောင်သနပ်ခါးမျိုးရင် အပင် ၁၀ဝ၀ စိုက်ပျိုးပွဲကို သြဂုတ် ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ရှင်မတောင်ခြေတွင် သနပ်ခါးအပင် ၁၀ဝ၀ စိုက်ပျိုးခြင်းကို ရွှေသုန္ဒရီ သနပ်ခါးကုမ္ပဏီ၊ HELVETAS Myanmar organization၊ မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်း၊ ရှင်မတောင်ဒေသ စိမ်းလန်းစိုပြေရေးအဖွဲ့၊ မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်သနပ်ခါးအသင်း၊ ပခုက္ကူခရိုင် ရှင်မတောင်သနပ်ခါး အသင်း၊ ရေစကြိုမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနတို့နှင့် ဒေသခံများ ပူးပေါင်းကာ ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေစကြို၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ အရာတော် စသည့် ဒေသများသည် သနပ်ခါးပင်များကို စီးပွားဖြစ် စိုက်ပျိုးရောင်းချကြသော ဒေသများဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများထဲတွင် ရေစကြိုမြို့နယ်ရှိ ရှင်မတောင်တစ်ဝိုက်မှထွက်သော သနပ်ခါးပင်များမှာ အောက်ခံမြေ ကျောက်သားများကြားမှ ထိုးထွက်ပေါက်ရသော အပင်များဖြစ်သဖြင့် အခြားဒေသထွက် သနပ်ခါးပင်များထက် ပိုမိုကျစ်လစ် သေးငယ်ကာ အပွေးထူပြီး ရနံ့မွှေးသည်ဟု သိရသည်။
ယခင်က ရှင်မတောင်ပေါ်တွင် သနပ်ခါးပင်များမှာ အလေ့ကျပေါက်ရောက်ခဲ့သော်လည်း ယခုအခါ အလေ့ကျပေါက်ပင်မှာ အလွန်ရှားပါးသွားပြီ ဖြစ်သောကြောင့် ဒေသမျိုးရင်း မျိုးစိတ်မပျောက်စေရန် မူလပေါက်ရောက်ရာ နေရာတွင် ယခုကဲ့သို့ ပြန်လည်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
“သနပ်ခါးပင်တွေကို မျိုးစေ့ပြန်ထည့်ချင်တဲ့စိတ်နဲ့ သနပ်ခါးပင် လာစိုက်တာ ဖြစ်ပါတယ်၊ ရှင်မတောင်ရဲ့ မူရင်းဒေသဖြစ်တဲ့ ရှင်မတောင်ကြိုးဝိုင်းထဲမှာ သူ့သဘာဝအတိုင်းရှိအောင် စိုက်ခြင်းဖြစ်ပါတယ်၊ ဒီသနပ်ခါးပင်တွေကို နှစ်တိုင်းလာပြီးတော့ ပြုစုမယ်၊ ဒီထက်မကလည်း သစ်ပင်တွေကို စိုက်သွားမယ်၊ အပင် ၅၀ဝ ကနေ ၅၀ဝ၀ ထောင်၊ ၅၀ဝ၀ဝ သောင်း ဖြစ်အောင် စည်းရုံးပြီး စိုက်သွားမယ်ဆိုရင် ဒီနေရာက မိုးခေါင်ရေရှားဒေသကနေ အမြဲစိမ်းလန်းတဲ့ ဒေသလေးတစ်ခုဖြစ်ဖို့ ရည်ရွယ်ပါတယ်”ဟု ရွှေသုန္ဒရီ သနပ်ခါးလုပ်ငန်းရှင် ဦးကနက်စိန်က ပြောသည်။
ရှင်မတောင်သစ်တာကြိုးဝိုင်းအတွင်း သနပ်ခါးပင်ရေ ၁၀ဝ၀ ကို နေရာ ၂ နေရာခွဲကာ စိုက်ပျိုးခြင်းဖြစ်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ မဝင်ရောက်အောင် အထူးကြပ်မတ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သိရသည်။
အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာရာ ရှင်မတောင်ပေါ်အရောက်တွင် မင်းကြီး၏ မိဖုရားတစ်ပါးမှာ အလွန်မွှေးကြိုင်သော သနပ်ခါးများ ထည့်ထားသည့် သနပ်ခါးအစ်တော် မှောက်ကျခဲ့ရာမှ အဆိုပါ ရှင်မတောင်ပေါ်တွင် ပေါက်ရောက်သော သနပ်ခါးပင်များမှာ အလွန်မွှေးကြိုင်သော သနပ်ခါးများဖြစ်လာခဲ့သည်ဟု ဆိုရိုးရှိခဲ့ပြီး ထိုအချိန်မှ စတင်ကာ ရှင်မတောင်ပေါ်တွင် သနပ်ခါးပင်များ ပေါက်ရောက်ခဲ့သည်ဟု ရှေးလူကြီးများက ဆိုကြသည်။
ယခုအခါ ရှင်မတောင်ပေါ်တွင် အလေ့ကျပေါက်ရောက်သည့် သဘာဝသနပ်ခါးပင်များမှာ အလွန်ရှားပါးသွားပြီဖြစ်ရာ ရှင်မတောင်ဒေသ မျိုးရင်းများ မပျောက်ပျက်စေရန် ရှင်မတောင်ခြေတွင် ရှင်မတောင် သဘာဝအလေ့ ကျပေါက်ရောက်သည့် သနပ်ခါးပင်များ ပြန်လည်ရှင်သန် ပေါက်ရောက်လာစေရန် ယခုကဲ့သို့ စုပေါင်း စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


