နေပြည်တော် ဒီဇင်ဘာ ၁၁
ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီက ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီးယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီးယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် နှစ်စီးပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ နေအောင် အား ဒီဇင်ဘာ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကာ ကဖင်းများအား မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်းနှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရင်အောင်သူ၏နေအိမ်မှ TOYOTA LANDCRUISER ယာဉ်တစ်စီးအားလည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ) သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များ သိုလှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန် အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြု သတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့် ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်