စစ်တွေ ဇန်နဝါရီ ၁၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင်သီရိသင်္ဘောနှင့် အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အမ်ဗွီတော်ဝင်သီရိသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း ၄၀၀ တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီအောင်ရတနာဝင်းသင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ စုစုပေါင်း ၆၀၀ တန် တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောများမှ ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲနှင့် ပြည်နယ်သာသနာရေးမှူးရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ် ဘဏ်ခွဲသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ နှစ်စဉ်ထုတ်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် ချေးငွေပြန်လည်ကောက်ခံခြင်းကို လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း မိမိတို့၏ ရုံးလုပ်ငန်းများကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ သက်သာရှောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့် စားသောက်ဖွေရာပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲ၊ မန်နေဂျာ ဦးမင်းစိန်က ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားမှုနှင့် ချေးငွေကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် အကြံပြုဆွေးနွေး တင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်သာသနာရေးမှူးရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု၊ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှု၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် စာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး