စစ်တွေ ဇန်နဝါရီ ၁၅

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးရင်ပြင်တော်၌ နေပူခံ ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးက နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေနှုတ်မြောင်းများ ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများ၊ Compartment Wall ပြုလုပ်ခြင်းနှင့် သဲဖြည့်ရေလောင်းသိပ်သည်းအောင် ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော် နှစ်ဆောင် ဆောက်လုပ်ခြင်းပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ပြားခင်းခြင်းလုပ်ငန်းများကို စနစ်တကျ သပ်ရပ်စွာဖြင့် ရေရှည်တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့တတ်ကျွမ်းသည့် ပညာဖြင့် ကုသိုလ်ပြုခွင့်ရရှိသကဲ့သို့ စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ရင်ပြင်၌ နေပူခံကျောက်ပြားခင်းရန်အတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေနုတ်မြောင်းများ ပြုလုပ်နေမှု၊ မြေကြီးသိပ်သည်းအောင် ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော် ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော် နှစ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)