ရွှေပုံရတနာ မင်္ဂလာနန်းတော်၌ ကျင်းပသည့် တတိယမြန်မာနိုင်ငံတော်၏ ပထမမြို့တော် ပြည်ရွှေဘို မြို့တည် နန်းတည် (၂၆၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

ကျော်ဇော(လှသိပ္ပံ)ရွှေဘို

မုဆိုးဖို(ရွှေဘိုမြို့)သည် ပုဂံခေတ်ဦးကာလမှပင် စတင်တည်ရှိခဲ့သောမြို့ ဖြစ်ပြီး - ပုဂံကောင်းစားစဉ်က ပြဋ္ဌာန်းခဲ့သော “ နန်းစဉ်စာရင်းချုပ်ကြီး” တွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အရ - နှစ်ရာပြုမြို့ (စစ်သားနှစ်ရာ စုဆောင်းပေးရသောမြို့) စာရင်းမှာ ပါဝင်သည့်မြို့ ဖြစ်ခဲ့ပါသည်။ ( ဦးကုလား ၊ ပ ၊ နှာ - ၂၆၉ )

ငါးမည်ရပြည်ရွှေဘို

ယနေ့ ရွှေဘိုမြို့၏ မူလအမည်နာမမှာ မုဆိုးဖိုဖြစ်ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို အဦးအမွန် စတင် တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ( အေဒီ၁၇၁၄-၁၇၆၀) ၏ လက်ထက်တော်အခါမှသာ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ ပြည်ရွှေဘို၊ မုဆိုးဖိုဟူ၍ ငါးမည်ရ ပြည်ရွှေဘို ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားလှသော်လည်း လူသိနည်းသောအမည် တစ်မျိုးရှိသေးသည်။ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားပြီး “အယုဇ္ဈပူရ” ဟူ၍ ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် “အယုဇ္ဈပူရ”မည်သော “ရတနာသိင်္ဃ ကုန်းဘောင် ရွှေပြည်ကြီး” ဟူ၍ အမြဲသုံးစွဲခဲ့သည်ကို တွေ့ရသည်။ (ဒေါ်ခင်ခင်စိန် တည်းဖြတ်၊ အလောင်းမင်းတရားကြီး၏ အမိန့်တော်များစာအုပ်) ထို့အတူ “ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး” နှင့် မင်းတုန်းမင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာများတွင်လည်း “အယုဇ္ဈပူရ” ဟူသော အသုံးအနှုန်းကို တွေ့ရသည်။ “အယုဇ္ဈပူရ” ၏အဓိပ္ပာယ်မှာ “စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်” ဟူ၍ဖြစ်သည်။ (ဦးဟုတ်စိန် - ရေး ပါဠိ မြန်မာ အဘိဓာန်)။ ၎င်း ငါးမည်ထဲမှ ကုန်းဘောင်ဆိုသောအမည်မှာ-ပုဂံ အလောင်းစည်သူမင်းတရားကြီး ဆည်ဖို့ခဲ့သော ရွှေဘိုမြို့ အရှေ့ဘက်ရှိ တောင်မြောက်တန်းနေသည့် ကုန်းဘောင်ရိုးကို အစွဲပြု၍ ခေါ်ဆိုခဲ့သော အမည်တစ်ခုဖြစ်သည်။ ယင်းကိုအကြောင်းပြု၍ ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင် ခဲ့ကြခြင်းဖြစ်သည်။ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိပြီး အတိုအားဖြင့် “အောင် ၊ နောင် ၊ ဆင် ၊ စဉ့် ၊ မောင် ၊ ဘိုး ၊ ဘ ၊ သာ ၊ ဂံ ၊ တုန်း ၊ ပေါ “ ဟူ၍ မှတ်ကြသည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအား မုဆိုးဖိုမြို့သူကြီး သီရိမဟာဓမ္မရာဇာဘွဲ့ခံ မင်းညိုစံနှင့် မင်းစောဦးတို့က မြန်မာသက္ကရာဇ်-၁၀၇၆ ခု ၊ တော်သလင်းလပြည့်ကျော် (၁)ရက် ၊ သောကြာနေ့ ညတစ်ချက်တီးကျော်တွင် မွေးဖွားခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် မယ်တော်၏ မောင်အရင်းဖြစ်သူ ဦးဖြိုးမြနှင့် မယ်ညက်တို့မှ ဖွားမြင်သည့် ခင်ယွန်းစံနှင့် ထိမ်းမြားလက်ထပ်သည်။

မြို့တည်နန်းတည်ခြင်းအစ

ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော အဝ (အင်းဝ) ဘုရင် မဟာဓမ္မရာဇာဓိပတိ လက်ထက်တော်တွင် မုဆိုးဖို၌ ကျေးကိုင်အရာအမှုတော်ကို ထမ်းဆောင်ရသည်။ ထိုအချိန်တွင် အဝ(အင်းဝ)၏ အခြေအနေမှာ- ဟံသာဝတီ နှင့် နှစ် ၄၀ ကြာ စစ်ပွဲဆင်နွှဲရင်းနှင့် မဏိပူရ ကသည်းတို့၏ ဝင်ရောက်နှောင့်ယှက်ခြင်းတို့ကြောင့် တိုင်းပြည်တစ်ခုလုံး မငြိမ်မသက် ဖြစ်နေစဉ်တွင် ဦးအောင်ဇေယျသည် အဝပျက်တော့မည့်အခြေအနေကို သိသဖြင့် မုဆိုးဖို အနီးအစပ် ၄၆ ရွာမှ အကြီးအကဲတို့နှင့် တိုင်ပင်ပြီး မုဆိုးဖိုမြို့ကို တာ ၄၇၀ ရှိသော ထန်းလုံးတပ်နှင့်ကာရံကာ အခိုင်အမာနေထိုင်ပြီး မြို့တွင်း၌ စစ်သင်တန်းများပေးပြီး မြို့ပြင်၌ စစ်တလင်းရှင်း ထားသည်။ နောက်ပိုင်းတွင် ဦးအောင်ဇေယျသည် တတိယ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ရန်အတွက် ၎င်းနှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်ကြမည့် မုဆိုးဖို လက်ရွေးစင် သူရဲကောင်း ၆၈ ယောက်တို့ကို မြင်းရည်တက်တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဦးအောင်ဇေယျ ၏ သက်တော်မှာ ၃၆ နှစ်သာရှိသေးသည်။

အလောင်းမင်းတရားကြီး လက်ထက်တော်မတိုင်မီက မြန်မာနိုင်ငံသည် City State ခေါ် မြို့ပြနိုင်ငံငယ်လေးများ အဖြစ်သာ အကွဲကွဲအပြားပြား တည်ရှိခဲ့သည်။ ယင်းကို ဦးအောင်ဇေယျအနေဖြင့် ကျေနပ်မှုမရှိ။ တစ်လုံးတစ်စည်းတည်းရှိသည့် တစ်ပြည်ထောင်စနစ်နိုင်ငံတော် (Unitary State) ကိုသာ လိုလားခဲ့သည်။ ထို့ကြောင့် ထိုအချိန်မှစ၍ တစ်ပြည်ထောင်စနစ် နိုင်ငံထူထောင်ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ လှည့်လည်တိုက်ခိုက်စည်းရုံး သိမ်းသွင်းရင်း နိုင်ငံတော်ကို ထူထောင်ခဲ့သည်။ အသာတကြည် သစ္စာတော်ခံကြသည့် မြို့ပြနိုင်ငံငယ်များ၏ ခေါင်းဆောင်များအား သူကောင်းပြု၍ အရိုက်အရာပေးခဲ့ပြီး ဖက်ပြိုင်သည့်သူများအား အပြတ်အသတ် ချေမှုန်းသုတ်သင်ခဲ့သည်။

ဥသြအော်မြည် ကုန်းဘောင်တည်ဆိုသည့်အဆိုအရ မြန်မာသက္ကရာဇ်-၁၁၁၅ ခုနှစ်တွင် ငါးမည်ရ ပြည်ရွှေဘိုကို စတင်တည်ထောင်ခဲ့ရာ ယခုရောက်သက္ကရာဇ်ဖြစ်သည့် ၁၃၈၁-ခုနှစ် တွင် မြို့တည် နန်းတည် နှစ်ပေါင်း ၂၆၆ နှစ် ရှိပြီဖြစ်သည်။ “ကျုံး၊ မြို့၊ နန်းနှင့်၊ နတ်ကွန်း ပဟိုရ် ၊ ရွှေချက်သိုနှင့် ရေညို မြဟန် နန္ဒာကန်ကို၊ တပြိုင်ညီညာ၊ တည်ပြီးခါဝယ်”ဆိုသည့် ပလိပ်စားမင်းကြီး ဦးဖျော် ရေးခဲ့သည့် ဧချင်း လင်္ကာအရ အလောင်းမင်း တရားကြီးသည် သက္ကရာဇ်-၁၁၁၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်၊ ဗုဒ္ဓဟူးနေ့ ၆-၆-၁၇၅၃ နေ့တွင် ဌာနခုနစ်ခုကို တစ်ပြိုင်တည်း ပန္နက်စိုက်ထူပြီး မြို့တည်ခဲ့ခြင်းဖြစ်သည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အမွေဆက်ခံခြင်းဖြင့် ဘုရင်ဖြစ်လာသူ မဟုတ်ဘဲ သာမန်ကျေးကိုင် အရာထမ်းဘဝမှ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိ၏ဘာသာသာသနာတော်အပေါ် ပြင်းပြလှသည့် မြတ်နိုးသော ချစ်စိတ်တို့ကြောင့် တတိယမြန်မာနိုင်ငံတော်၏ ရှင်ဘုရင်တစ်ပါး ဖြစ်လာခဲ့ခြင်းဖြစ်ပြီး တတိယမြန်မာနိုင်ငံတော်ကို စည်းလုံးညီညွတ်မှုအင်အားဖြင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြို့တည်နှစ် ၂၆၆ နှစ်ပြည့်ပွဲကျင်းပ

ထိုသို့သော ဂုဏ်ပုဒ်များနှင့် ကျေးဇူးတရားများကို အောက်မေ့ပြီး မြန်မာ့တော်ဝင် အနွယ်တော်များအစည်းအရုံး (Myanmar Royal Descendants Associa- tion)  က ကြီးမှူးပြီး ရွှေဘိုမြို့သူ မြို့သားများ ပါဝင်သည့် အဖွဲ့အစည်းက သက္ကရာဇ်- ၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆)ရက် ၊ ခရစ်နှစ်- (၂၂-၇-၂၀၁၉) ၊ တနင်္လာနေ့ ၊ နံနက် ၈ နာရီတွင် ရွှေပုံရတနာ မင်္ဂလာ နန်းတော်၌ ၂၆၆ နှစ်ပြည့် မြို့တည်နန်းတည် အထိမ်းအမှတ်ပွဲတော်ကျင်းပသည်။

အထိမ်းအမှတ်အခမ်းအနားကို နံနက် ၈ နာရီတွင် ကုန်းဘောင်ဆက် ၁၁ ဆက်ကို ရည်စူး၍ ပင့်လျှောက်ထားသော ပင့်သံဃာ ၁၁ ပါးနှင့် ပရိသတ်က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အတုလမဟာမြကျောက် စေတီကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်က ငါးပါးသီလနှင့် သြဝါဒကထာချီးမြှင့်သည်။ ဆက်လက်၍ နိုင်ငံတော် ရွှေတံဆိပ်ဆုရှင် စောင်းမြင့်မြင့်သွယ်အဖွဲ့က “မော်ကွန်းတင် မင်္ဂလာရတုပိုဒ်စုံ” တို့ဖြင့် ပူဇော်သည်။ ထို့နောက် ပြည်ရွှေဘိုသမိုင်းဖြစ်စဉ် အကျဉ်းချုပ်ကို သီပေါဘုရင်၏မြစ်တော် ဦးစိုးဝင်းက ဖတ်ကြားသည်။ ထို့နောက်ဆရာတော် သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်ကို ချီးမြှင့်ပြီး ရွှေဘိုခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အနွယ်တော်များ၊ ပရိသတ်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်သည်။

ဆက်လက်၍ မြို့မိမြို့ဖ ဒေါက်တာ တင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ရွှေဘိုမြို့ သက်တော်ရှည် ပုခန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ အထံတော်မှ ရေစက်ချ အနုမောဒနာတရားကို နာယူကြည်ညိုကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းသည်။

ညနေ ၄ နာရီ၌ မြို့တည်နန်းတည် ၂၆၆ နှစ် အထိမ်းအမှတ်အဖြစ် ပင့်သံဃာ ၂၆၆ ပါးတို့အား ဆွမ်းဆန် စိမ်းလောင်းလှူခဲ့သည်။ ။

မြန်မာ့အလင်း