နေပြည်တော် ဇန်နဝါရီ ၂၃
သင့်တော်သော ရေသွင်းနည်းစနစ်ကို မှန်ကန်စွာအသုံးချပြီး မိုးကြို၊ မိုး၊ မိုးနှောင်း၊ ဆောင်း ရှိသည့် စိုက်ရာသီများတွင် သင့်တော်သည့် အချိန်ကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ဝါသီးမျိုး (၆)မျိုး စမ်းသပ် စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပျဉ်းမနား စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းဝန်း၌ ဆောင်ရွက်ထားရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး လွန်ကျော်၊ ရွှေတောင်(ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ)၊ ပျော်ဘွယ်(ချောင်းမကြီး) ဝါသီးနှံမျိုးသန့်ခြံ ၊ မကွေးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ(အောင်လံ)၊ ပဲခူးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ(လေးဆည်ပြင်) တို့မှ ခြံတာဝန်ခံများ၊ သုတေသနတာဝန်ခံများ၊ မျိုးပွားတာဝန်ခံများနှင့် စိုက်ပျိုးရေးပညာရှင်များ လာရောက် လေ့လာကြသည်။
လေ့လာရေးအဖွဲ့ဝင်များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပုံမှန်စိုက်ပျိုးနေကျဝါသီးနှံ စိုက်ပျိုးချိန် မဟုတ်သော်လည်း ရေပေးသွင်း စိုက်ပျိုးနိုင်ပါက ဆောင်းရာသီတွင် စမ်းသပ်စိုက်ပျိုး ဖြစ်ထွန်းနိုင်စွမ်းကိုလေ့လာရန် ပြည်ပမှတင်သွင်းသော RAKA 66 ၊ B31 ၊ KTK-1 စပ်မျိုး နှင့် အများစု စိုက်ပျိုးလျက်ရှိသော ဝါမျိုးများဖြစ်သည့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀) နှင့် ငွေချည်(၁၁) မျိုး(၃)မျိုး စုစုပေါင်း မျိုး(၆)မျိုးတို့၏ အမွေးချွတ်ပြီး မျိုးစေ့များဖြင့် ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားပြီး တောင်သူများ လက်တွေ့ လေ့လာနိုင်ကြစေရန် ကွင်းသရုပ်ပြ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဝါပင်များ ပုံမှန်ကြီးထွား ဖြစ်ထွန်းမှုရှိပြီး ရေပေးသွင်းနိုင်ပါက မည့်သည့် ရာသီမဆို စိုက်ပျိုးနိုင်ကြောင်း၊ ဝါသီးနှံတွင် ဆိုးဝါးစွာကျ ရောက်တတ်သည့် ပိုးမွှားရောဂါများ ဆောင်းရာသီတွင် တက်ကြွမှုမရှိ၍ ကျရောက်မှုကင်းဝေးခြင်းကြောင့် ဓါတုပိုးသတ်ဆေးသုံးစွဲရမှုကို လျှော့ချနိုင်ကြောင်း ၊ ဒေသအလိုက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်၍ ဝါမျိုးစေ့ထုတ်ဧကကို တိုးချဲ့ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အက်စစ်ဖြင့် အမွေးချွတ်ထားသောဝါမျိုးစေ့ကို အသုံးပြုထားမှု၊ စိုက်ဘောင်များကို ပလပ်စတစ်အမဲရောင်ဖြင့် ဖုံးအုပ်ထားပြီး ရေမွှားရေပေးစနစ်(Film irrigation)ဖြင့် ရေပေးသွင်းစိုက်ပျိုးထားရှိခြင်းကြောင့် အပင်သက်တမ်းရက်(၆၀)သားခန့် ရှိနေသော်လည်း ပြည်တွင်းဝါမျိုးနှင့် နိုင်ငံခြားစပ်မျိုးဝါများ၏ အပင်ကြီးထွားမှုသိသာစွာ ကွာခြားမှုမရှိကြောင်း၊ ဝါသီးနှံမျိုးသန့်ခြံများ၌ မျိုးသန့်ပွားများခြင်း၊ ဝါဆွတ်ချိန်အလိုက် မှတ်တမ်းထားရှိပြီး ဝါပေါက်သည့် အကြိမ်အလိုက် မျိုးစေ့အရည်အသွေးကို သုတေသနပြုရန် လိုအပ်ချက်များ၊ မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များကို ထိန်းသိမ်းထားရှိရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်