ရေကြည်မြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူ(၁၂၂)ဦးထံသို့ ဓာတ်မြေသြဇာများ အခမဲ့ ထောက်ပံ့ပေးအပ်

ရေကြည် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ  စပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ်  မိုးစပါး မျိုးစေ့ထုတ် တောင်သူ(၁၂၂)ဦးထံသို့ ဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်ဆန်းမြို့ပတ်လမ်း  နေဝင်းရပ်ကွက်ရှိ  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဓာတ်မြေသြဇာများ  အခမဲ့ထောက်ပံ့ပေးအပ်အခမ်းအနားသို့  ရေကြည်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ဦးလှမျိုးနွယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှဦးစီးမှူး  ဦးမျိုးလွင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန  ဦးစီးမှူး ဦးအေးထွန်းတို့တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထိုနောက် တာဝန်ရှိသူများက  မျိုးစေ့ထုတ်တောင်သူ(၁၂၂) ဦး  စိုက်ပျိုးဧက(၂၈၈) ဧက ကျေးရွာအုပ်စု(၃၉)အုပ်စု ဓာတ်မြေသြဇာအိတ်(၁၄၄)အိတ်ကို  ကြဲပက်အသုံးပြုနိုင်ရန်  ဓာတ်မြေသြဇာများကို  တောင်သူများလက်ဝယ်သို့  ထောက်ပံ့ပေးအပ်ခဲ့သည်။

မျိုးစေ့ထုတ်တောင်သူများ  လက်ရှိ  ဓာတ်မြေသြဇာများ  ဈေးနှုန်းမြင့်မားချိန်တွင်  ယခုကဲ့သို့ ထောက်ပံ့မှုရရှိသည့်အတွက် တောင်သူများမှ ဝမ်းသာလျက်ရှိကြကြောင်း သတင်းသိရှိရသည်။

ဆန်းတင့် (ရေကြည်)