ရွှေဘို ၁ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် သြဂုတ် ၃၁ ရက် ည ၉ နာရီ ၃၉ မိနစ်ခန့်က အင်အား ရစ်(ချ်)တာစကေး ( ၆ ဒသမ သုည ) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုနည်းပညာကောလိပ်(GTC) အစည်းအဝေးခန်းမနှင့် ရှေ့မျက်နှာစာအချို့ နေရာများတွင် မျက်နှာကျက်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာတွင် ဆောင်တမိုးဘုရား၏ ထီးတော်ဆောင်ကျင်း မြေခခြင်း၊ အလိုတော်ပြည့်ဘုရား၏ စိန်ဖူးတော် မြေခခြင်း၊ ကြာမောက်ကြာလန် ပွင့်ထွက်ခြင်း၊ ရှင်မဟာပေါင်းလဲ လျောင်းတော်မှု အာရုံခံတန်ဆောင်း ကွဲအက်ခြင်း၊ ကျားရွာရှိ ဇေတဝန်ကျောင်း ထီးတော်မြေခခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ခင်ဦးမြို့နယ် တည်ဘိုပင်ကျေးရွာရှိ ဗလီကျောင်း အဆောက်အအုံ၏ မျက်နှာကျက်ပြိုကျခြင်း၊ ရွာသန်းကျေးရွာရှိ ဘုရားဆင်းတုတော်နှင့် နံရံများပျက်စီးခြင်း၊ အင်ကြင်းပင်ကျေးရွာ ဝေဘူကျောင်းရှိ တိလောကသဗ္ဗညုစေတီ၏ အောက်ပစ္စယံ အက်ကြောင်းဖြစ်ပေါ်ခြင်းနှင့် ထီးတော်စောင်းခြင်း၊ မြို့သစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ စေတီတော် ထီးတော်မြေခပျက်စီးခြင်း၊ သာဝတ္တိကျေးရွာရှိ ဖန်ချက်ဝန်စေတီ၏ ဖောင်းတော်ရစ် ကွာကျခြင်း၊ စာသင်ကျောင်းနံရံ အက်ကွဲခြင်း၊ ဗအိုးကျေးရွာရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း နံရံပြိုကျပျက်စီးခြင်း၊ လောင်းရှည်ကျေးရွာတွင် ဂြိုလ်(၈) လုံးစေတီ ထီးတော်မြေခပြီး အရန်စေတီများ အက်ကွဲမှုဖြစ်ပေါ်ခြင်း၊ ကံသာယာကျေးရွာတွင် ကံစွယ်ကျောင်းရှိ သိမ်ကြီးစေတီ စိန်ဖူးတော်မြေခပြီး ဖောင်းတော်ကွာကျခြင်း၊ ဘိုးကျော်စေတီ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းတော်ရစ် ကွာကျခြင်း၊ ရွှေလည်ကျောင်းတိုက်စေတီ စိန်ဖူးတော်မြေခခြင်း၊ ဖွားသန်းခင်စေတီ အက်ကွဲခြင်း၊ ချမ်းသာရ စေတီ ဖောင်းတော်ရစ်ကွာကျခြင်း၊ ရွှေဂူကြီးစေတီ ဖောင်းတော်ရစ်ကွာကျခြင်း၊ ဘိုးချစ်တီးစေတီ ဖောင်းတော်ရစ် ကွာကျခြင်း၊ ပေါင်းလဲကုန်းကျေးရွာတွင် မိုးဆုတောင်းပြည့် ဘုရားမုဒ်ဦးပြိုကျခြင်း၊ ရွှေကံပွင့်စေတီ ထီးတော်မြေခခြင်း၊ သုဗောဓာရုံစေတီ ထီးတော်စောင်းခြင်း၊ သုခိတာရုံစေတီအက်ကွဲခြင်း၊ သံသရာအေးစေတီ အက်ကွဲခြင်း၊ ဘုံကျော်ကျောင်းဆောင်နှင့် ရွှေဓားကျောင်းဆောင်သစ် အက်ကွဲခြင်း၊ ဒေါ်ငြိမ်းရွှေနေအိမ် အုတ်နံရံ(၂) ခန်း ပြိုကျခြင်း ဦးညွှန့်ဝေ ၏ နေအိမ် နံကပ်တစ်ထပ် အုတ်နံရံ (၁)ခန်း ပြိုကျခြင်း၊ ကင်းပြစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မုဒ်ဦးကွဲအက်ခြင်း၊ အ.မ.က စာသင်ကျောင်း ရုံးခန်းနံရံအက်ကွဲခြင်း၊ ဆီဆုံလေးကျေးရွာတွင် အ.မ.က စာသင်ကျောင်း နံရံအက်ကွဲခြင်းနှင့် သာဂရကျေးရွာ ဘုန်းတော်ကြီးကျောင်းစေတီ ထီးတော်မြေခခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ရေဦးမြို့နယ်ရှိ ဗိုလ်အောင်ဇေယျရပ်ကွက် ထန်းတပင်ကျောင်းတိုက်ရှိ ချမ်းသာရ စေတီတော် အက်ကွဲခြင်း၊ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ ဆုတောင်းပြည့်စေတီတော် အက်ကြောင်း ဖြစ်ပေါ်ခြင်း၊ မဲအိုးကျေးရွာ ဖောင်တော်ဦးဘုရား စိန်ဖူးတော်မြေခပြီး ခေါင်းလောင်းရစ် အက်ကွဲခြင်း၊ အုတ်ဖိုကျေးရွာ ဘုန်းတော်ကြီးကျောင်း မုဒ်ဦးရှိ ထီးတော်မြေခခြင်း၊ မြင်းပေါက်ကျေးရွာရှိ ကျောင်းတော်ကျောင်းတိုက် ဆုတောင်းပြည့် စေတီ၏ ထီတော်ယိုင်ခြင်း၊ စည်သာမြေကျေးရွာရှိ အရှေ့ကျောင်းတိုက် ကျောင်းဆောင်ယိုင်ခြင်း၊ ဆုတောင်းပြည့်စေတီ အက်ကွဲခြင်းခြင်း၊ အောင်ဆန်းရပ်ကွက်ရှိ ဒေါ်ခင်လေးစီ၏နေအိမ် နံကပ်နှစ်ထပ်တိုက် အုတ်နံရံ (၁)ခန်း ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် ရန်ကြီးအောင် အငှားအိမ်ရာနေ ဦးတင်မောင်ဝင်းက “ငလျင်လှုပ်တာ တော်တော်ကြမ်းပါတယ်၊ ၅ ထပ် အအောက်အအုံတစ်ခုလုံး ယိမ်းခါသွားတာပဲ၊ တိုက်ကြီးတစ်တိုက်လုံး အသံတွေ ဟိန်းထွက်လာတယ်၊ ချက်ခြင်း တိုက်အောက်ထပ် ရှေ့ကွင်းပြင်ကို ဆင်းပြေးရပါတယ်၊ အရမ်းကို ထိတ်လန့်စရာ ကောင်းပါတယ်" ဟု ပြောသည်။
ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက “ငလျင်လှုပ်တာကို လျော့တွက်လို့တော့ မရဘူး၊ ရွှေဘိုမြို့နယ်အတွင်း ကြီးမားတဲ့ ပျက်ဆီးမှုတွေ မရှိပါဘူး၊ လူနဲ့တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပါဘူး၊ လိုအပ်တဲ့ ကူညီမှုများ ဆောင်ရွက်နေကြောင်း” ပြောကြားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ရွှေဘိုမြို့နယ်အတွင်းရှိ ကျားရွာနှင့် မြင်းစီးကျေးရွာ၊ ခင်ဦးမြို့နယ်အတွင်းရှိ တည်ဘိုပင်ကျေးရွာနှင့် အင်ကြင်းပင်ကျေးရွာသို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ခေါင်းဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်မည် ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောသည်။
ငလျင်လှုပ်ခတ်မှုကို စစ်ကိုင်းတိုင်းအတွင်း ရွှေဘို၊ လှတော၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ ကောလင်း၊ ပင်လယ်ဘူး၊ မုံရွာ၊ အရာတော်၊ မြင်းမူ၊ ယင်းမာပင်၊ ဆားလင်းကြီး ဒေသများတွင် သိသိသာသာ ခံစားရကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)


