ရန်ကုန်၊ အောက်တိုဘာ ၄


ရာဂီတိုင်ဖွန်းမုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၁၁ ရက်၌ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီးတွင် နိုင်ငံကျော်အဆိုတော်များဖြင့်  ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ ဦးစီးကျင်းပမည့် “ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ အစီအစဉ်တွင် တေးသံရှင် ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ L ဆိုင်းဇီ၊ နီနီခင်ဇော်၊ ရတနာမိုင်၊ ပိုပို၊ ပန်းရောင်ခြယ်၊ ယွန်းမြတ်သူ၊ ဇွဲပြည့်၊ ဆိုင်စံနှင့် နေမင်းအိမ်တို့က မြူးကြွလန်းဆန်းသော တေးသီချင်းတို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။

 

အဆိုပါ ရန်ပုံငွေပွဲတွင် ပါဝင်လှူဒါန်းကြည့်ရှုနိုင်ရန် လက်မှတ်များကို Junction City (ဗိုလ်ချုပ်လမ်း) ၄ လွှာ Music Box ၊  Junction Square (Secret Garden) ပြည်လမ်း Music Box ၊ အလုံလမ်းနှင့် ပြည်လမ်းထောင့်ရှိ Yangon International Hotel Music Box ၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ရုံး၊ အမျိုးသားကဇာတ်ရုံတို့၌ (ရုံးချိန်အတွင်း) နှင့် Online မှ K Pay ဖြင့် ၀၉ ၂၅၂၈၀၄၃၀၈ သို့ လက်မှတ် တစ်စောင်လျှင်‌ ငွေကျပ် ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်

mdn