ရန်ကုန် ၁၀ သြဂုတ်
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လက်ရှိတုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများကို သုံးသပ်ခြင်းနှင့် ပိုမိုအားဖြည့် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသောရေကြီး ရေလျှံမှုဖြစ်စဉ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် သင့်လျော်သော တုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့် တစ်ပြေးညီစနစ်တကျ ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များ၊ ရေဘေးကြောင့် ထိခိုက်သေဆုံးမှုနှင့် ကျန်းမာရေးဌာနများ၏ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအခြေအနေများ၊ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများ၏ အခြေအနေများ၊ ကျန်းမာရေးကဏ္ဍ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ထပ်မံလိုအပ်ချက်များနှင့် ပတ်သက်၍ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကျန်းမာရေးဌာနများ အကြားစနစ်တကျ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
ထိုသို့ ဌာနတွင်း ချိတ်ဆက်ဆောင်ရွက်မှုများအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးများအသင်း၊ နှီးနွယ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)စသည်တို့နှင့် ပူးပေါင်းချိတ် ဆက်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ရရှိသည့်သတင်းအချက်အလက်များအား သုံးသပ်ပြီးပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ရေကြီးရေလျှံမှုဖြစ်စဉ်များကြုံ တွေ့နေရသည် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထပ်မံလိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ရေးကြီးရေလျှံမှု ဘေးအန္တရာယ် ခံစားရသည့် ပြည်သူများအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်ပံ့ပိုးမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စိတ်ကျန်းမာရေးစောင့်ရှောက် ပံ့ပိုးမှုအဖွဲ့များအား ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးစေလွှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကျန်းမာရေးကဏ္ဍတုံ့ပြန် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများကိုလည်း အမြန်ဆုံးတောင်းခံရမည်ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် အစားအစာနှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာမြှင့်တင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ရေဘေးအန္တရာယ် ကျရောက်ရာနေရာဒေသများတွင် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း ဆက်လက်အားဖြည့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင်ပြင် ဆင်ထားရှိမှုများကို ဆန်းစစ်သုံးသပ်၍ ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာ၊ လူ့စွမ်းအား အရင်းအမြစ် စသည်ဖြင့်လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာ စိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က လက်ရှိရေကြီးရေလျှံမှုဖြစ်ပွားနေသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့ရှိမြို့နယ်ပေါင်း (၂၀)တို့တွင် ကျန်းမာရေးဌာနနှင့် ဆေးရုံများရေဝင်ရောက်မှုအခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ ထိခိုက်ပျက်စီးမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာကို (၂၄) နာရီအချိန်ပြည့် ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ၊ ဗဟိုအဆင့်မှ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ လုပ်ငန်းပံ့ပိုးမှုနှင့် ညွှန်ကြားချက်များထုတ်ပြန်ထားရှိမှု အခြေအနေ၊ နှီးနွှယ်ဌာနများ၊ မိတ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ရေဘေးအန္တရာယ် ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအတွက် ရန်ပုံငွေလျာထားမှုအခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့ကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ထပ်မံလိုအပ်သည်များ အမြန်ဆုံးပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နံနက်(၉)နာရီတွင် ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဆွေးနွေးပွဲ (Symposium on “Public-Private Partnership in Health in Myanmar”) သို့ တက်ရောက်သည်။
နှီးနှောဆွေးနွေးဖလှယ်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက ယနေ့ နှီးနှောဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာမှ ပညာရှင်ကြီးများအနေဖြင့် ပြည်သူများအားအရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအတွက် အကြံပြုချက်များကို လွပ်လပ်ပွင့်လင်းစွာ ပေးအပ်စေလိုပါကြောင်း၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်၊ လူမှုစီးပွားကျင့်ဝတ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်ရန်မှာလည်း အရေးကြီးပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် နှောင့်နှေးကြန့်ကြာစေနိုင်သော စည်းမျဉ်းစည်း ကမ်းများကိုလည်းခေတ်နှင့်အညီ လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍအတွက် အသင့်တော်ဆုံးနှင့် ရေရှည်တည်တံ့ခိုင်မာသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်လာစေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းက အဖွင့်အမှာ စကားပြောကြားသည်။
အဆိုပါ နှီးနှောဆွေးနွေးဖလှယ်ပွဲတွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့၊ Global Financing Facility, Marie Stopes International, N Health Asia and Non Hospital Group of BDMS တို့မှ တာဝန်ရှိသူများနှင့် ပညာရှင်များကကျန်းမာရေးကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတရား၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း၏ အခန်းကဏ္ဍ၊ ဆေးပညာစဉ်ဆက်မပြတ် သင်ကြားရေးတွင် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဝါဒနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမူဝါဒစသည့် အကြောင်းအရာခေါင်းစဉ် များဖြင့် ဆွေးနွေးခဲ့ကြပြီးနှီးနှော ဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် အစိုးရနှင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှ ပညာရှင်များက မေးမြန်းဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။
သတင်းစဉ်


