လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုအခြေအနေများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြုံတွေ့နေသည်။ အဆိုးရွားဆုံးဖြစ်စဉ် တစ်ခုမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ တောမီးလောင်ကျွမ်းမှုကြောင့် ၂၄ ဦးသေဆုံးပြီး လူပေါင်းတစ်သိန်းခွဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ စီးပွားရေးအရ ဆုံးရှုံးထိခိုက်မှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ရှိနိုင်သည်ဟု ခန့်မှန်းတွက်ချက်ကြသည်။

 

တောမီးလောင်မှုသည် လော့စ်အိန်ဂျလိစ်သမိုင်းတစ်လျှောက်၌ အဆိုးရွားဆုံး မီးလောင်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး မီးလောင်နေချိန်တွင် ဆောင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အချိန်တိုအတွင်း မန်ဟက်တန်မြို့ပမာဏ၏ နှစ်ဆကျော် အလျင်အမြန်မီးလောင်ပျက်စီးသွားခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင်လည်း ရေကြီးမှု၊ မြေပြိုမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မီးလောင်မှု၊ လေထုညစ်ညမ်းမှုတို့ကို ဆိုးဆိုးရွားရွား ထိခိုက်ကြုံတွေ့ကြရသည်။ ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့၌ ဆောင်းရာသီ ရာသီတုပ်ကွေးဖြစ်ပွားမှုများ စံချိန်တင်ဖြစ်ပွားလျက်ရှိပြီး ကူးစက်ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ် ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိကာလတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ လာနီညာဖြစ်စဉ် ဆိုသည်မှာ ယေဘုယျအားဖြင့် အအေးလွန်ကဲမှုဖြစ်ပြီး အယ်လ်နီညိုဖြစ်စဉ်ဆိုသည် မှာ ယေဘုယျအားဖြင့် အပူလွန်ကဲမှုဖြစ်သည်။ လက်ရှိတွင် လာနီညာဖြစ်စဉ်ကို ကြုံတွေ့ရပြီး နွေရာသီကာလတွင်လည်း အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့နိုင်သည်။

 

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အခြေအနေတွင် အားအနည်းငယ်ရှိသော လာနီညာအခြေအနေနှင့် ကြုံတွေ့ရဖွယ်ရှိပြီး လက်ရှိတွင် ယခင်နှစ်ဆောင်းရာသီထက်ပိုမိုသော အအေးသိသာမှုကို ကြုံတွေ့လျက်ရှိပြီး အအေးပိုမိုမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများပါ ကြုံတွေ့လျက်ရှိသည်။

 

လက်ရှိတွင် ဆောင်းလေပြင်းတိုက်ခတ်မှုများနှင့်အတူ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးလောင်မှုများလည်း နိုင်ငံအနှံ့အပြား၌ ဖြစ်ပေါ်လာလေ့ ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ လက်ရှိ လော့စ်အိန်ဂျလိစ်မီးလောင်မှုမှာ သင်ခန်းစာဖြစ်ပြီး မီးလောင်ရာလေပင့်ဆိုသကဲ့သို့ မီးလောင်မှု ဖြစ်ပွားချိန်တွင် လေပြင်းတိုက်ခတ်မှုကို သတိပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မီးလောင်မှု အများစုသည် လျှပ်စစ်မီး၊ ပေါ့ဆမီးဖြစ်သော်လည်း အခြားမီးလောင်မှု၊ ဆီတင်ယာဉ်၊ သင်္ဘော မီးလောင်မှုများကိုလည်း သတိပြုရမည်ဖြစ်သည်။

 

မီဘေးအန္တရာယ်သည် မိမိတို့၏ လက်တစ်ကမ်းအကွာတွင်ရှိနေပြီး သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်သည်ကို သတိထားရမည်ဖြစ်သည်။ ယနေ့ကာလတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ မြို့ကြီးပြကြီးများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့်လူနေ အဆောက်အအုံများ၊ လူနေရပ်ကွက်အသစ်များ တိုးပွားလာသည်။ လူနေထူထပ်လာသည်နှင့်အမျှ နေအိမ် အဆောက်အုံများ ပြွတ်သိပ်နီးကပ်လျက်ရှိခြင်း၊ လျှပ်စစ်အသုံးပြုမှု များပြားလာခြင်း၊ မီးလောင်စေတတ်သည့်ပစ္စည်းများ၊ လောင်စာများရှိနေခြင်း၊ လောင်စာများကို ရပ်ကွက်အတွင်း တရားမဝင် သိုလှောင်ရောင်းချခြင်းများကြောင့် မီးလောင်မှုပိုမိုဖြစ်ပွားနိုင်ပြီး အကယ်၍ မီးလောင်မှု ဖြစ်ပွားပါက ဆုံးရှုံးမှုကြီးမားနိုင်သည်ကို သတိပြုကြရမည် ဖြစ်သည်။

 

ပြီးခဲ့သည့်ကာလများက မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်သည့် အင်အားပြင်းမုန်တိုင်းနှင့် အခြားနိုင်ငံများတွင် တိုက်ခတ်သည့် မုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများနှင့် ကြုံတွေ့ခဲ့သည်ကို သင်ခန်းစာယူစရာများအဖြစ် တွေ့မြင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မီးလောင်မှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ် တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ်ဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၉၅၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်ပစ္စည်းဆုံးရှုံးမှုများနှင့်အတူ လူ ၇၆ ဦး သေဆုံးခဲ့သည်။

 

သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နိုင်ငံများ၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ယနေ့ကြုံတွေ့နေရသော ရာသီဥတုဖြစ်စဉ်ကိုအကြောင်းပြု၍ မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြိုတင်သတိပြုပြီး ဝိုင်းဝန်းကာကွယ် တားဆီးကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ