ပူတာအို ၂၆ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လိုင်စင်မဲ့ယစ်မျိုးလုပ်ငန်း ထုတ်လုပ် ရောင်းချသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ယစ်မျိုးများ ထုတ်လုပ်ရောင်းချမှုပပျောက်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေး ဦးဆောင်သည့် ယစ်မျိုးတားဆီးကာကွယ် နှိမ်နှင်းရေးအဖွဲ့ (Task Force) အဖွဲ့ဝင်များက သတင်းအရ မြို့မရပ်ကွက်နှင့် ပါအင်ရပ်ကွက်ရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် အိမ်ဆိုင် များတွင် တရားမဝင် ယစ်မျိုးများ သိုလှောင်ရောင်းချမှုမရှိစေရေး စက်တင်ဘာလ (၂၅) ရက်ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယစ်မျိုးတားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့ (Task Force) က တရားမဝင် ယစ်မျိုးရောင်းချမှု ကျော်စောသတင်းအရ တရားမဝင် သိုလှောင်ချခြင်းရှိမရှိ ပူတာအိုမြို့ပေါ်ရှိ ပါအင်ရပ်ကွက်တွင် (၃) ဆိုင်နှင့် မြို့မရပ်ကွက်တွင် (၈) ဆိုင်တို့ကို ရှောင်တခင် စစ်ဆေးခဲ့ရာ ဆိုင် (၇) ဆိုင်မှ Myanmar တံဆိပ်ပါ ဘီယာဘူး (၂၅၇) ဘူးနှင့် ဘီယာပုလင်း (၈) ပုလင်း၊ ABC တံဆိပ်ပါ ဘီယာ (၁၁၁) ဘူးနှင့် အခြားတံဆိပ်ပါဘီယာများ (၈၁) ဘူး၊ Grand Master အရက် (၁၂) လုံးပါ ဖာ (၂) ဖာ၊ Grand Royal အရက် (၁၆) လုံးပါ ဖာ (၂) ဖာ နှင့် ဒေသချက်အရက်ဖြူ (၁၃) ဂါလန်ကို စစ်ဆေးသိမ်းဆည်းရမိကာ အဆိုပါဆိုင်ပိုင်ရှင်များကို ပူတာအိုမြို့မရဲစခန်းတွင် ကချင်တောင်တန်း စည်းမျဉ်းဥပဒေအရ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။
ယစ်မျိုးတားဆီးကားကွယ်နှိမ်နှင်းရေးအဖွဲ့ (Task Force) က လိုင်စင်မဲ့ ယစ်မျိုးထုတ်လုပ်ရောင်းချမှု ပပျောက်ရေးကို အဓိကထား စစ်ဆေးလျက်ရှိရာ ပေါင်းဖိုချက်အရက် ထုတ်လုပ်ရောင်းချခြင်း၊ ယစ်မူးစေသောအရာများ ထုတ်လုပ်ရောင်းချခြင်း၊ နိုင်ငံခြားအရက်များ ရောင်းချခြင်းနှင့် ပြည်တွင်းပြည်ပမှ ရရှိသော ဝီစကီ၊ အရက်၊ ဘီယာများ ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များတွင် သိုလှောင်ရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေးကာ ဥပဒေပြဌာန်းချက်နှင့် မညီသော ယစ်မျိုးဆိုင်ရာ ပစ္စည်းများ တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ပူတာအိုမြို့နယ်တွင် CS-2 (၃) ဆိုင်၊ FL-12 (၃) ဆိုင်၊ FL-11 နှင့် FL-17 တစ်ဆိုင် စုစုပေါင်း (၈)ဆိုင်တို့ကိုသာ ရောင်းချခွင့်လိုင်စင်များ ဆောင်ရွက်ပေးထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ညွှန်ကြားချက်နှင့်အညီ ယစ်မျိုးတားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့ (Task Force) က ရက်သတ္တပတ်ကို တစ်ကြိမ် စစ်ဆေးဖမ်းဆီးအရေးယူလျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင် ဆောင် ရွက်ကြောင်း သိရှိရသည်။
ဆန်းညွှန့်(ပူတာအို)


