ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲ ပါဝင်သူများပြား

ကျောက်ပန်းတောင်း ၂၅ ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာတွင်တည်ရှိသော မီးငြိမ်းတောင်တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီး၏ (၅၁) ကြိမ်မြောက် ဒီဇင်ဘာတောင်တက်ပွဲတွင် ပါဝင်တက်ရောက်သူများပြားကြောင်း ကျောက်ပန်းတောင်း မြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေထံက သိရသည်။

 

အဆိုပါ ပုပ္ပားတောင်တက်ပွဲကို ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပုပ္ပားတောင် ချစ်သူများအသင်းတို့မှ ဦးဆောင်ကာ တောင်တက်ပွဲ ပါဝင်ဆင်နွှဲသူများ တောင်တက်လမ်း တွင် အစာပြေစားနိုင်ရန် ပုပ္ပားတောင် ချစ်သူများအသင်းမှ  ကောက်ညှင်းငချိတ်များ ဝေပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်လုပ်ငန်းအဖွဲ့မှ ကြာဇံကြော်နှင့် ကော်ဖီများအား (ဟတ်စကီးကွင်း) ဦးနုတိုက်ကွင်းပြင်မှ တောင်တက်လာသူများအား ကျွေးရန် နံနက်သုံးနာရီမှစတင်ကာ ကြိုတင်တက်ရောက်ခဲ့ကြောင်းနှင့် တောင်တက်လာသူများအား ကော်ဖီနှင့် ကြာဇံကြော်များကိုလည်း လူနှစ်ထောင်ကျော် ကျွေးနိုင်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ  ကိုအံ့မှူးကို ထံမှသိရသည်။

 

58

 

ဒီဇင်ဘာ ၂၅ ရက် နံနက် လေးနာရီမှစတင်၍ ကျောက်ပန်းတောင်းမြို့ စုရပ်အသီးသီးတွင် စီစဉ် ပေးထားရာ ကားများလူပြည့်သည်နှင့် ပုပ္ပားတောင် စတင်တက်ရောက်မည့် နေရာသို့ လိုက်ပါ ပို့ဆောင်ပေးကြောင်း၊ ၄ နာရီခွဲတွင် စတင်တက်ရောက်ကြကြောင်း နှင့် တောင်တက်သူ (၂၅၀ဝ) ကျော် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

 

ပုပ္ပားတောင် ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများမှ တောင်တက်ပွဲသို့ လာရောက်တောင်တက်သူများ လမ်းမမှားစေရေး လမ်းနှစ်သွယ်ရှိသည့် နေရာများတွင် ဝန်ထမ်းများတာဝန်ချထားပေးခြင်း၊ လမ်းညွှန်များ စိုက်ပေးထားကြောင်းနှင့် တောင်တက်ပွဲလာသူများ စွန့်ပစ်သည့် အမှိုက်များ စွန့်ပစ်နိုင်ရန် တောင်းကြီးများ ချထားပေးထားကြောင်း ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ် တောအုပ်ကြီး ဦးစိုးထွန်းကပြောသည်။

 

တောင်တက်ပြီး လမ်းတလျှောက် စွန့်ပစ်သည့် အမှိုက်များအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ပုပ္ပား) ကွန်ပျူတာသင်တန်းကျောင်းမှ သင်ကြားရေးဆရာ ဦးနေဦးကိုနှင့် ကျောင်းသား၊ ကျောင်းသူများမှ လိုက်လံကောက်ယူကာ လမ်းတလျှောက်ချထားသည့် တောင်းထဲသို့ ကောက်ယူစွန့်ပစ်ခဲ့ကြောင်း သိရသည်။

 

တောင်တက်သူများသည် အမြင့်ပေ ၄၃၀ဝ ခန့်ရှိ နွားလပို့ (ဗိုဘ့်) တောင်၊ အမြင့်ပေ ၄၆၀ဝ ခန့်ရှိ ဆေးမွန်တောင်၊ ၄၇၅၅ ပေရှိ စပါးပုံတောင်နှင့် ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ၄၉၈၁ ပေရှိ မှန်ပြတောင် တောင်များသို့ တက်ရာက်ခဲ့ကြကြောင်းသိရသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း