ပုပ္ပားတောင်ကလပ်တွင် ခရစ္စမတ်အားလပ်ရက်အတွင်း ခရီးသွားဧည့်သည်များဖြင့်  စည်ကားများပြားခဲ့ပြီး အလှူခံဌာနအသီးသီးမှ ဖြတ်ပိုင်းအလှူငွေ ၁၉၅ သိန်းကျော်ရရှိ

ကျောက်ပန်းတောင်း  ၃၁   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နှင့် ၁၀ မိုင်အကွာရှိပြီး၊ ပုဂံ-ညောင်ဦးနှင့် ၂၅ မိုင်ခန့်အကွာတွင်ရှိသည့် အညာမြေ၏ အိုအေစစ်တစ်ခုအဖြစ်တင်စားရသော သဘာဝတောတောင်ရေမြေများဖြင့် ထူးခြားလှသည့် ပုပ္ပားတောင်ကလပ်တွင် ခရစ္စမတ်အားလတ်ရက်များအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားခဲ့သဖြင့် ဒီဇင်ဘာ(၃၀)ရက်နေ့က အလှူခံဌာနအသီးသီးမှ ဖြတ်ပိုင်းဖြတ်အလှူငွေများ စိစစ်ရာတွင် စုစုပေါင်းအလှူငွေ(၁၉၅)သိန်းကျော်ရရှိကြောင်း သိရသည်။

 

အဆိုပါ ပုပ္ပားတောင်ကလပ်သည် အမြင့်ပေ ၂၄၁၇ ပေရှိရာ သဘာဝရှုမျှော်ခင်းများကို ရင်သပ်ရှုမောကြည့်ရှုခံစားနိုင်စေရန် တောင်ကလက်ဂေါပကအဖွဲ့ကလည်း အတက်အဆင်းလှေကားများ ခိုင်ခံ့စေရေးနှင့် သန့်ရှင်းစေရေးတို့ကိုအလေး ထားဆောင်ရွက်လျက်ရှိသည့်အပြင် ခရီးသွားဧည့်သည်များ လုံခြုံရေးနှင့်ကျန်းမာရေးကိစ္စများအတွက်ပါ ကောင်းမွန်သန့်ရှင်း အောင်စီစဉ်ဆောင်ရွက်ပေးထားသဖြင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းစွာ လာရောက်လည်ပတ်လျက်ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီဇင်ဘာ စတုတ္ထပတ်ကနေစပြီး ခရီးသွားဧည့်သည်ကျတယ်ဗျ။ အဲဒီရက်က ခရစ္စမတ်ရုံးပိတ်ရက်ကော ဒီဇင်ဘာ ကျောင်းပိတ်ရက်ကောဆိုတော့ တစ်နေ့တစ်နေ့ကို ခရီးသွားက ၅ သောင်းဝန်းကျင်လောက် ဝင်တယ်ဗျ။ တချို့ကလည်း ပုဂံညောင်ဦးအပြန်ဝင်ကြတာပေါ့။ တချို့ကလည်း ဒီကနေမှ ပုဂံညောင်ဦးကိုသွားကြတာပေါ့။ အဲဒီရက်တွေတုန်းကတော့ ကားတွေဝင်မရလို့ အောင်သိဓ္ဓိကုန်းအတက် ရွှေဝန်းခြံရှေ့ကနေ တောင်ခြေအထိကားတန်းကြီး ရပ်ထားရတယ်။ လူတွေကတော့ဆင်းလျှောက်ကြတာပေါ့။ ကျွန်တော်တို့မနေ့က တောင်ကလပ်ဂေါပက တာဝန်ရှိသူတွေနဲ့ (၂၃.၁၂.၂၀၁၉) ကနေ (၃၀.၁၂.၂၀၁၉)ရက်နေ့အထိ အလှူခံရငွေတွေစိစစ် သိမ်းဆည်းတဲ့အခါမှာ အဲဒီရက်အတွင်း အလှူခံရငွေ စုစုပေါင်း ငွေကျပ် (၁၉၅)သိန်းနဲ့ (၂၁၀ဝ၀)ရရှိပါတယ်” ဟု တောင်ကလပ်ဂေါပက အဖွဲ့ရုံးတာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

 

နေအောင်(ပြန်/ဆက်)

 

mdn