ပုပ္ပားတောင်ကလပ်တွင် ဘုရားဖူးဧည့်သည်များ ဝင်ရောက်မှုမရှိတော့သည့်အတွက် မျောက်များ အစာရေစာ ရှားပါးလာသဖြင့် ဂေါပကအဖွဲ့ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့မှ ကျွေးမွေးနေရ

ကျောက်ပန်းတောင်း ဧပြီ

 

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုစတင်လာပြီးသည့်နောက် မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘုရားဖူးဧည့်သည် ဝင်ရောက်မှုနည်းပါးလာခဲ့ပြီး ယခုအခါ ဧည့်သည်ဝင်ရောက်မှု မရှိတော့သဖြင့် တောင်ကလပ်ပျော် မျောက်များအတွက် စားရေရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ရာ တောင်ကလပ်ဂေါပကအဖွဲ့ ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့များက ခရမ်းချဉ်သီး၊ သင်္ဘောသီး အစရှိသည်များကို ကျွေးမွေးနေရကြောင်း သိရသည်။

 

ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်နှစ်တိုင်း ဘုရားဖူးဧည့်အဝင်နည်းပါးသည့် မိုးရာသီကာလများတွင်သာ မျောက်များ အစာရေစာရှားပါးမှု ကြုံတွေ့ရတတ်သော်လည်း လုံးဝပြတ်လပ်သွားသည်မရှိဘဲ ရောက်ရှိလာသည့် ဘုရားဖူးများ၊ ပြည်ပဧည့်သည်များနှင့် ဒေသခံဈေးသည်များ၏ ကျွေးမွေးမှုဖြင့် အဆင်ပြေမှုများရှိခဲ့ကြောင်း၊  ယခုအခါ ဘုရားဖူးရာသီအစမှာပင် COVID-19 အဆုတ်ရောင်ကူးစက်ရောဂါကြောင့် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု မရှိတော့သလောက်ဖြစ်ခဲ့ရာ အနီးဝန်းကျင်မှ ဒေသခံဈေးသည်များလည်း လာရောက်ဈေးရောင်းချခြင်း မရှိတော့သဖြင့် တောင်ကလပ်ပျော်မျောက်များအတွက် အစာရေစာ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ကျွန်တော်တို့ အခုအခြေအနေကတော့ မျောက်စာကို သီးခြားရှာဖွေပြီး ကျွေးနေရတယ်ဗျ။ အလှူရှင်ရှိရင်လည်း အလှူရှင်ကကျွေးတာပေါ့၊ အလှူရှင်မရှိရင်လည်း ကျွန်တော်တို့တောင်ကလပ် ဂေါပကအဖွဲ့ဝန်ထမ်းတွေနဲ့ အလှူခံဌာန တာဝန်ခံတွေက ကျွေးမွေးသွားမှာပါ၊ ကျွန်တော်ကို့ တောင်ကလပ်အမှိုက်ကောက် ပရဟိတ အဖွဲ့ကလည်း အလှူငွေရရင် ရသလိုပဲ ကျွေးမွေးနေတာရှိပါတယ်။ ကျွန်တော်တို့အစီအစဉ်နဲ့တော့ ပြောင်းဖူးစေ့တွေကို မပြတ်အောင်ဝယ်ထားဖို့လည်း စီစဉ်နေပါတယ်။ နောက်ဆုံး ကျွေးစရာသိပ်ရှားပါးသွားရင် ကျွေးနိုင်အောင်လို့ပါဟု တောင်ကလပ်ဂေါပကရုံးအဖွဲ့မှူး ဦးဝင်းလှိုင်က ပြောသည်။

 

တောင်ကလပ်ရှိ မျောက်များမှာ အုပ်စုလိုက်နေထိုင်ကြခြင်းဖြစ်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ နယ်ကျော်သွားလာခြင်း မရှိကြောင်းနှင့် တောင်ထိပ်၊ တောင်လယ်၊ တောင်အောက် စသည်ဖြင့် ၎င်းတို့  အစုအဖွဲ့အလိုက်တိုင်းသာ ရှာဖွေစားသောက်လေ့ရှိသဖြင့် တောင်ကလပ် ဂေါပကအဖွဲ့က မျောက်စာကျွေးရန်သီးခြား နေရာ()နေရာ သတ်မှတ်ပေးထားရကြောင်း သိရပြီး၊ အဆိုပါနေရာများမှာ ပတ္တမြားစောင်းတန်းအနီး မျောက်စာကျွေးကွင်း၊ အောင်ဓမ္မာရုံအနီး မျောက်စာကျွေးကွင်း၊ တောင်အလယ်မျောက်စာကျွေးကွင်းနှင့် ဥသျှစ်ပင်ကွေ့အနီး မျောက်စာကျွေးကွင်းများဖြစ်ကြောင်း သိရသည်။

 

မျောက်စာဒါနပြု လှူဒါန်းလိုသူများရှိပါကလည်း ကိုယ်တိုင်ကျွေးလိုပါက ဂေါပကအဖွဲ့နှင့်ဆက်သွယ်၍ အဆိုပါနေရာများတွင် ကျွေးနိုင်ကြောင်းနှင့် ငွေကြေးလှူဒါန်းလိုပါကလည်း တောင်ကလပ်ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်းလှိုင်၊ ဖုန်း ၀၉-၂၆၃၄၄၄၈၇၈ နှင့် တောင်ကလပ် ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့ဥက္ကဋ္ဌ ကိုပြည့်ဖြိုးအောင်၊ ဖုန်း ၀၉-၅၄၁၈၅၅၈ သို့ ဆက်သွယ်လှူဒါန်း ကျွေးမွေးနိုင်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)