ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၄၆၈၅ ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း ၁၂၀၆ စု ထုတ်ပေးပြီးဖြစ်

ပုံပါကျင်   ဒီဇင်ဘာ   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင် ရှေ့တန်းရုံးက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၃ ရက်မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ပုံပါကျင်မြို့၌ ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၆၈၅ ခုနှင့် အိမ်ထောင်စု ၁၂၀၆ စုအတွက် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပုံပါကျင်ရှေ့တန်းရုံး တာဝန်ခံ လဝကမှူး ဦးမြင့်မိုးထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာ ငါးရွာ နှင့် `ဝ´ အထူးဒေသမှ ကျေးရွာ နှစ်ရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်အသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)