ပုလော အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ထွက်ခွာလာသည့် စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ (၆၀)ကျော် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ (၈)ဦး ဆယ်ယူရရှိထားကြောင်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာသည့် စက်လှေတစ်စီး အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်က ကျောက္ကာချောင်းဝ၌ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေနစ်မြုပ်မှု ဖြစ်ပွားသည့်နေရာသို့ တပ်မတော်စစ်ရေယာဉ်မှ တပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံ ရွာသူ၊ ရွာသားများ၊ ပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အသက်ရှင်လျက် (၆၀)ကျော်ခန့်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သုံးလသားအရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးခုနစ်ဦးတို့၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ပြီး ကျန်ပျောက်ဆုံးနေသည့် ခရီးသည်များအား ဆက်လက်ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
“လှေက ရွာကနေထွက်ပြီး (၁၅)မိနစ်ပဲ ကြာပါသေးတယ်၊ အိုဗာဝိတ်ဖြစ်နေတာရယ်၊ လေပြင်းတွေတိုက်ပြီး ရာသီဥတုအနေထားတွေကြောင့် နစ်မြုပ်သွားတာလို့ သိရပါတယ်။ အခု (၉)တန်းကျောင်းသူနှင့် (၃)တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးတဲ့အထဲပါနေတယ်။ လိုက်ရှာဖွေနေပါတယ်၊ ကုန်းလမ်းကနေ ကူညီဆောင်ရွက်ပေးဖို့ ပရဟိတအသင်းတွေသွားဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် တိုက်ပွဲအနေထားတွေကြောင့် ဘယ်လိုမှ တိုးမပေါက်ဘူးဖြစ်နေတယ်၊ သေဆုံးတာက အမျိုးသမီးတွေချည်းဖြစ်နေတယ်၊ (၃)လအရွယ် ကလေးတစ်ဦးပါတယ်။ ကျွန်တော်တို့ အခု မြိတ်ပြန်ရောက်ပါတယ်။ အလောင်း (၈) လောင်း ရှာဖွေတွေ့ရှိထားတယ်။ လှေမှာက ခရီးသည် (၈၅)ဦး လိုက်ပါသွားတယ်လို့သိရတယ်။ အခု (၆၀)ကျော် အသက်ရှင်ပြန်တွေ့ထားတယ်၊ (၁၀)ကျော် ပျောက်နေတဲ့အနေထားပါ၊ ဒေသခံတွေပဲ အဓိကရှာဖွေ ကယ်ဆယ်ပေးနေကြပါတယ်” ဟု ချမ်းမြေ့နာရေးကူညီမှုအသင်းနှင့် ရွှေရောင်နေ့သစ်ပရဟိတအသင်း တာဝန်ရှိသူများထံမှ သိရသည်။
ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာသည့် စက်လှေပေါ်တွင် ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ (၉၀)ခန့် လိုက်ပါလာကြောင်းနှင့် အဆိုပါ စက်လှေပေါ်ရှိ ခရီးသည်များမှာ မြိတ်မြို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ပုလော-မြိတ် ပြည်ထောင်စုကားလမ်းမကြီး ပိတ်ဆို့မှုကြာမြင့်နေမှုကြောင့် ရေလမ်းခရီးဖြင့် လိုက်ပါလာသူအများစုတို့ဖြစ်ကြောင်း သိရသည်။
ကျောက္ကာကျေးရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပင်လယ်ပြင်အတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ (၁၀၀၀)ကျော်ရှိကာ ရေထဲတွင် ခြေတံရှည်အိမ်လေးများကို အစီအရီတည်ဆောက်နေထိုင်လျက် ရေလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်း တစ်ခုအနေဖြင့် လုပ်ကိုင်ကြကြောင်း သိရသည်။
မြင်ဦး(မြိတ်)


