ညောင်ဦး ၂၇ စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အာနန္ဒာဘုရားကြီး အနောက်တောင်ဘက်ကွင်းတွင် ကမ္ဘာ့ခရီးသွားနေ့ အထိမ်းမှတ် မြန်မာ့ရိုးရာ အားကစားနည်း ဖျော်ဖြေပွဲများနှင့် မြန်မာ့ရိုးရာ အစားအသောက်ရောင်းချပွဲများအား စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီမှ စတင်ကျင်းပလျက်ကြောင်း သိရသည်။

 

အဆိုပါ ကမ္ဘာ့ခရီးသွားနေ့ (World  Tourism Day) ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန ဦးဆောင်မှုဖြင့်   ဟိုတယ်နှင့် ခရီးသွားလာရေးအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊  ဧည့်လမ်းညွှန်များအသင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုရှိကြသော ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကာ အဆိုပါ ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ်ပွဲတော်သို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၊ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည်များ၊ ဧည့်လမ်းညွှန်များ တက်ရောက်ကာ ကမ္ဘာ့ခရီးသွားနေ့အား ပါဝင်ဆင်နွှဲကြသည်။

 

မွန်းလွဲ ၃ နာရီမှစတင်ကာ ဧည့်လမ်းညွှန်အသင်းမှ ခေတ်ပေါ်တေးဂီတဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ခြင်းအလှခတ်ပွဲများ၊  ချောတိုင်တက်ပွဲ၊  ခေါင်းအုံးရိုက်ပြိုင်ပွဲ အစရှိသည့် မြန်မာ့ရိုးရာအားကစားနည်းဖြင့် ဖျော်ဖြေလျက်ရှိပြီး မြန်မာ့ရိုးရာ အစားအစာရောင်းချပွဲများအပြင် မြန့်မာရိုးရာ အသုပ်မျိုးစုံတို့ ပါဝင်ရောင်းချလျက်ရှိရာ လာရောက်လည်ပတ်သူ၊ လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ပါဝင်ဆင်နွှဲသူ (၃၆၀ဝ) ရှိပြီး ည ၆ နာရီခွဲထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)