နေပြည်တော် ၁၀   အောက်တိုဘာ

 

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ရစ်ချ်စတာစကေး ၆ ဒသမ ၈ အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်းစစ်ဆေး ကောက်ခံမှုအရ ဘုရားပုထိုး ၃၈၉ ဆူပျက်စီးခဲ့ကာ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ အရေးပေါ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်သည်။

 

ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စိစစ်ချက်အရ ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်း ရန် ၅၃ ဆူနှင့် ပျက်စီးမှုအနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် အဆူ ၃၀ဝ အဖြစ် ကနဦးသတ်မှတ်ခဲ့ပြီး နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်း ဆွေးနွေးမှုအရ ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးအဆူ ၃၀ဝ အနက် ၇၆ ဆူကို ပညာရှင်များဖိတ်ခေါ်၍ ဌာနကတိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန် ၂၂၄ ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ် ဧပြီလတွင် လုပ်ငန်းများရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

 

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်အတူ အဆောက်အဦးစီးဌာနနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထိန်းသိမ်းခဲ့ရာ အောက်ပါအတိုင်း ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည် -

 

88

 

ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ရာတွင် UNESCO ၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Advisor Team ၊ Expert Team တို့၏ အကြံပြုဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum)က ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

 

ဘာသာရေးကိုးကွယ်ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများကိုလည်း ကိုးကွယ်ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှုပမာဏအလိုက်သော်လည်းကောင်း၊ သမိုင်းတန်ဖိုးအရသော်လည်းကောင်း၊ ဗိသုကာလက်ရာကျန်ရှိမှုအရသော်လည်းကောင်း ခေတ်ကာလအပိုင်းအခြားများပေါ် မူတည်၍ ဦးစားပေးအဆင့်များသတ်မှတ်ပြီး စံချိန်စံညွှန်းတန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အနည်းငယ်သာထိခိုက်ပျက်စီးသောဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ် သော ၁၂၈ ဆူ၊ စုစုပေါင်း ၃၅၂ ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ ၁၈ ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)