ရန်ကုန် ၂၈ စက်တင်ဘာ
အွန်လိုင်းအိမ် ခြံမြေလုပ်ငန်းစုဖြစ်သည့် PropertyGuru က တရားဝင် အွန်လိုင်းဝက်ဘ်ဆိုက် မိတ်ဘက်အဖြစ် မြန်မာနိုင်ငံ၏ နံပါတ်(၁) အိမ်ခြံမြေ ဝက်ဘ်ဆိုက်ကြီးဖြစ်သော အိုင်မြန်မာဟောက်ဒေါ့ကွန်းနှင့် လုပ်ငန်းများပိုမို ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံအခြေစိုက် PropertyGuru သည် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသည့် အရှေ့တောင်အာရှဒေသအတွင်း အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းများနှင့် အိမ်ခြံမြေဆုပေးပွဲများကို ကမကထပြုလုပ် ကျင်းပပေးနေသည့် အာရှထိပ်သီး ဝက်ဘ် ဆိုက်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
"အိုင်မြန်မာဟောက်ဒေါ့ကွန်းနဲ့ မိတ်ဖက်အဖြစ် ဒီနှစ်မှာ ပိုမိုနက်ရှိုင်းစွာ လက်တွဲခွင့်ရတဲ့အပေါ် ကျွန်တော်တို့ များစွာ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ တရားဝင် မိတ်ဖက်အဖြစ်နဲ့ဟာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်အောင် ကူညီပေးမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက အကောင်းဆုံး စီမံကိန်းတွေနဲ့ ကုမ္ပဏီတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပြသခွင့်ရအောင် ကျွန်တော်တို့ကို ကူညီသွားမှာ ဖြစ်ပါတယ်"ဟု PropertyGuru ၏ Asia Pro perty Awards ဒါရိုက်တာ Mr. Jules Kay က ပြောသည်။
ယခုအခါ မြန်မာနိုင်ငံ၏ နံပါတ် (၁) အိမ်ခြံမြေဝက်ဘ်ဆိုက်ဖြစ်သော အိုင်မြန်မာဟောက်ဒေါ့ကွန်း နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းလာခြင်းအားဖြင့် အရှေ့တောင်အာရှ၏ အရေးပါအရာရောက်သော ရှေ့တန်းဈေးကွက်များမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အခိုင်အမာ နေရာယူရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
အာရှတိုက်တွင် အကြီးမားဆုံးနှင့် သြဇာအရှိဆုံး အိမ်ခြံမြေဆုပေးပွဲများ ကျင်းပနေသည့် ကုမ္ပဏီကြီးက အိုင်မြန်မာဟောက်စ် ဒေါ့ကွန်းကို ၂၀၁၉ခုနှစ်မြန်မာ့အိမ်ခြံမြေဆုပေးပွဲကြီးဖြစ်သော 2019 Property Guru Myanmar Property Awards အတွက် တရားဝင် ဝက်ဘ်ပေါ်တယ် မိတ်ဖက်အဖြစ် လက်တွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Property Guru နဲ့ အပြန်အလှန် အကျိုးရှိစေမယ့် မိတ်ဖက်အဖြစ် လက်တွဲခွင့်ရတဲ့အပေါ် ကျွန်တော်တို့ များစွာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ အရည်အသွေး မြင့်မားတဲ့ အိမ်ခြံမြေ စီမံကိန်းတွေလည်း ပိုမိုများပြားလာနေပါတယ်။ အရှေ့တောင်အာရှရဲ့ သြဇာအရှိဆုံး အိမ်ခြံမြေဆုနဲ့ အသိအမှတ်ပြုခံရခြင်းဟာ ဒီစီမံကိန်းတွေအတွက် ဈေးကွက်ထိုးဖောက်မှု ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ဒီလို မိတ်ဖက်အဖြစ် လက်တွဲမှုနဲ့အတူ ကျွန်တော်တို့ရဲ့ Customer တွေဖြစ်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်တဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်ဟု အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
Property Guru က ကျင်းပမည့် ပဉ္စမအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
"ဒီလိုအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ မြန်မာနိုင်ငံ အိမ်ခြံမြေလောက ဖွံ့ဖြိုးတိုးတက်ဖို့တွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပက ဝင်ရောက်လာမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်မယ်။ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ပတ်သတ်လာရင် အဆင့်မြင့်စီမံကိန်းတွေနဲ့ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုတွေကို အများပြည်သူတွေအတွက် ယူဆောင်လာနိုင်မှာဖြစ်ပါတယ်"ဟု ဦးနေမင်းသူက ပြောသည်။
Property Guru မြန်မာ့အိမ်ခြံမြေဆုရရှိသူများကို အိုင်မြန်မာဟောက်ဒေါ့ကွန်းတွင် အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဖော်ပြပေးထားမည်ဖြစ်ရာ အိမ်ခြံမြေရှာဖွေသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် တန်ဖိုးမဖြတ်နိုင်သော ကိုးကားစရာ တစ်ခုဖြစ်လာစေမည်ဖြစ်ပြီး Property Guru ၏ ဆုရရှိသော ဆောက်လုပ်ရေးစီမံကိန်းများကိုလည်း အိုင်မြန်မာဟောက်ဒေါ့ကွန်း ၏ အထူးကြော်ငြာကဏ္ဍများတွင် အခမဲ့ ထည့်သွင်းကြော်ငြာနိုင်ရန် အခွင့်အရေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရိန်ကျော်


