မယ်စဲ့၊ ၁၄ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသများအတွက် ထိရောက်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေသည့် အမှိုက်သိမ်း ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက် နံနက်က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ၌ ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များနှင့် ကျေးရွာလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မယ်စဲ့-ဖားဆောင်း ကားလမ်းမကြီး တစ်လျှောက်နှင့် ရွာတွင်းလမ်းများရှိ အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းပြီး ကျေးရွာစွန့်ပစ်အမှိုက်ကျင်းသို့ သွားရောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
“ကျေးလက်ဦးစီးဌာနအနေဖြင့် လူထုစီမံခန့်ခွဲမှုစနစ် အားကောင်းလာစေဖို့၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေဖို့၊ ပရဟိတစိတ်ထားတွေ၊ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်တွေ အားကောင်း လာစေဖို့နဲ့ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသ တွေမှာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးငြိမ်းထက်အောင်က ပြောပြသည်။
ဝတ်ရည်(ပြန်/ဆက်)


