နေပြည်တော်၊ ဇူလိုင် ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် အင်တောကျေးရွာ ၈ လက်မ စက်ရေတွင်းတူးဖော်မှု၊  ဆည်ပေါက်ရှိ စက်ရေတွင်းများ တူးဖော်ရန်လျာထားမှု၊ မြို့‌‌ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏ အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီး ရေလှောင်တမံအမှတ် (၂) (အလျား ပေ ၂၇၀၀၊ အမြင့် ပေ ၇၀) တည်ဆောက်ရန်လျာထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးများက မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည်သွယ်တန်းနိုင်ရေး Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထုအနေဖြင့်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် တည်ဆောက်ဆဲ ကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် တစ်သိန်းဆံ့ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့် ကျောက်ပန်းတောင်းမြို့ ရေပေးဝေရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နိုင်ငံ‌တော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် မြကန်ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်းနှင့် တုရင်တောင်စိမ်းလန်းစိုပြည်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒေသမျိုးရင်း သစ်မျိုးများဖြင့် ကွန်တိုဘောင် စိုက်ပျိုး‌ဆောင်ရွက်ခြင်းများကို (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၌ (၂၃၅) ဘောင်တွင်   (၇၇၉) ပင် စိုက်ပျိုးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက စနစ်တကျ အရည်အသွေးကောင်းကောင်းနှင့် အောင်မြင်စွာ စိုက်ပျိုးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်ကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း (၁) မိုင် (၄) ဖာလုံနှင့် ဆက်စပ်လုပ်ငန်းများ၊ ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃) ဖာလုံ၊ အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇယဝေရီကန်အထိ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း (၁) မိုင် (၂ ဒသမ ၃) ဖာလုံ နှင့် ဆက်စပ် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆယ်ယူပြုပြင်ထိန်းသိမ်းခဲ့သည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊  (၃) နှင့် ကျောက်အိုးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆယ်ယူထိန်းသိမ်းခဲ့သည့်  ဇယဝေရီကန် နှင့် မင်္ဂလာကန် (၃) တို့ကိုလည်းကောင်း၊ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ ရှေးဟောင်းရေကန် ကန်ပေါင်နှင့် အနီးဝန်းကျင် နေရာများတွင် မူလသစ်ပင်ချုံနွယ်များနေရာ၌ မန်ကျည်းပင်၊ တမာပင်များ အစားထိုးစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်မှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဇယဝေရီကန်နှင့် မင်္ဂလာကန် (၃)  ပတ်ဝန်းကျင်တွင် မန်ကျည်းပင်နှင့် တမာပင်များ စိုက်ပျိုးပေးကြသည်။

 

ယင်းနောက် တာဝန်ရှိသူက နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းနန်သူကျေးရွာ အဝင်လမ်း (၂) မိုင် (၃) ဖာလုံ မှ အာနန္ဒာဘုရားသို့ သွားသောလမ်းပေါ်၌ ဂျင်းကျောက်လမ်း နမူနာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ကမ္ဘာ့အမွေအနှစ် ဒေသဖြစ်သည်နှင့်အညီ ယဉ်ကျေးမှု အမွေအနှစ် မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်ကို သုတေသနပြုရင်း  ထိန်းသိမ်းမွမ်းမံမှုကိုပါ ပူးတွဲဆောင်ရွက်ရန်၊  နိုင်ငံတော်အကြီးအကဲသည် ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား၍ တန်ဖိုးထား ထိန်းသိမ်းအားပေးသည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်ရန်၊ မပြီးပြတ်သေးသော ဆောင်ရွက်ဆဲ လမ်းညွှန်ချက်များကို တွန်းအားပေး ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ဆယ်ယူလျက်ရှိသည့် ပြာသာဒ်ကန် (ကန်သစ်ကန်)၊ ပုဂံမြို့ဟောင်းအရှေ့ဘက်ကျုံး (တောင်ဘက်ခြမ်း) တူးဖော်မှုနှင့် မြောက်ဘက်ကျုံးတူးဖော်ရန် လျာထားဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ‌ရေလမ်းကြောင်း ပြန်လည်ဖော်ထုတ်ခြင်းတွင် ရေလမ်းကြောင်း (၃) ကြောင်း ခွဲခြားဆောင်ရွက်မှု၊ ကွင်းဆင်း၍ အသေးစိတ်တိုင်းတာ တွက်ချက်ရရှိလာသော ရေလမ်းကြောင်း (၃) ခုလုံး၏ Topographic Map အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုံစံဒီဇိုင်းထုတ်ယူနိုင်ရေးအတွက် ရေးဆွဲပေးနေကြောင်း၊ အဆိုပါအချက်အလက်များကိုလည်း ကမ္ဘာ့အမွေအနှစ်စင်တာသို့ ပေးပို့မည့် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ State of Conservation အစီရင်ခံစာတွင် ထည့်သွင်းသွားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရေလမ်းကြောင်းအမှတ် (၁) ၏ အဆုံးဖြစ်သော ပုဂံမြို့ဟောင်းမြောက်ဘက်ကျုံးမှ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည့်လမ်းကြောင်း တစ်လျှောက်အတိုင်း သွားရောက်ကြည့်ရှုပြီး ရေလမ်းကြောင်းအမှတ် (၂) ၏ အဆုံးဖြစ်သည့် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သော ဝက်ကြီးအင်းချောင်း (အရှည် ၃၀၇၅ ပေ၊ အောက်ပိုင်း အကျယ် ပေ ၈၀ နှင့် အပေါ်ပိုင်း ပေ ၅၀)ကို စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော် ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ မြစ်ရေတိုးမှုကာကွယ်နိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်