နေပြည်တော် ဇူလိုင်  ၂၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ အာရုံခံအရပ်လေးမျက်နှာနှင့် အပေါ်ထပ်ရှိ ဆင်းတုတော် (၉) ဆူ  ရွှေသင်္ကန်း ပြန်လည်ကပ်လှူခြင်း ဆောင်ရွက်နေမှု၊ ဘုရားပရဝဏ်အတွင်း ရင်ပြင်တော် အုတ်ခုံနှင့် စေတီပတ်လျှောက်လမ်းအကြား သဲကျောက်ပြား လျှောက်လမ်းခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ဘုရားအပေါ်ထပ် လိုဏ်ပတ်လမ်းရှိ ဆင်းတုတော် (၄) ဆူတွင် ရွှေဆိုင်း (၃၂၅) ဆိုင်းနှင့် အောက်လိုဏ် ပတ်လမ်းရှိ ဆင်းတုတော် (၅) ဆူတွင် ငွေ ဆိုင်း (၄၄၀) ကပ်လှူမည်ဖြစ်ပြီး စုစုပေါင်းဆင်း တုတော် (၉) ဆူတို့အား ရွှေသင်္ကန်း ပြန်လည် ကပ်လှူပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေ၊ သစ်စေးသုတ်ခြင်း၊ အခြောက်ခံခြင်း လုပ်ငန်းများပြီးစီးပြီဖြစ်၍ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထီးလိုမင်းလိုဘုရားတံတိုင်းနှင့် ရင်ပြင်ခုံတို့အကြား ပတ်လည်သဲကျောက်ပြား လျှောက်လမ်းခင်းခြင်းနှင့် ပတ်သက်၍ လျှောက်လမ်းအရှည် (၁၀၅၈) ပေ၊ အကျယ် (၆) ပေ ဆောင်ရွက်မှုသည် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဆောင်ရွက်ဆဲ လမ်းညွှန်ချက်လုပ်ငန်းများကို အချိန်မီပြီးစီးစေအောင် ဆောင်ရွက်ရန်နှင့် လမ်းညွှန်ချက်များတွင် မပါဝင်သော်လည်း လုပ်သင့်လုပ်ထိုက်သည်များကို  ထိန်းသိမ်း ဆောင်ရွက်သွားရန်မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် Archaeological Survey of INDIA (ASI) အဖွဲ့တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့သည့် ညောင်ဦးမြို့နယ် သိကြားပုန်း ဘုရားအား သွားရောက်ကြည့်ရှုစစ်‌ဆေးရာ ASI အဖွဲ့ တာဝန်ရှိသူများက နံရံပန်းချီနှင့် အဆောက်အအုံ ကြံ့ခိုင်ထိန်းသိမ်းရေး ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ကားရပ်နားရန် မြေသားနေရာ တိုးချဲ့ဆောင်ရွက်ရန်၊ တပ်ဆင်ထားသည့် ထရန်စဖော်မာ၊ မီးကြိုး၊ မီးလုံးများ ပျောက်ဆုံးပျက်စီးမှု မရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်