နေပြည်တော် ၂၄ ဒီဇင်ဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်း အစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr.Yamaguchi Natsuo နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်နိုင်ငံအထက်လွှတ်တော် အမတ်တို့သည် မြန်မာ-ဂျပန် ပူးပေါင်းတည်ထောင်ထားသော သီလဝါအထူးစီးပွားရေး ဇုန်၏ တိုးတက်အောင်မြင်မှုများအပေါ် ဝမ်းမြောက်ကြပါကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ထို့အတူ မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုး တိုးတက်မှု အကူအညီများ ဆက်လက်ပံ့ပိုးကူညီသွားရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်သွားရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


