နေပြည်တော် ဇွန် ၂၁
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၄) မှ တာဝန်ယူ တည်ဆောက်နေသော အရှည် ပေ ၃၀၀ ပန်းဆေးချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင် စုဝန်ကြီး က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ယခင်တံတားဟောင်းကို စနစ်တကျ ဖြုတ်သိမ်းပြီး တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းပေါ်ရှိ တံတားအဖြစ် အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားကာ Over Lay Slab လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကျန်ရှိသည့် Girder လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် က B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်းအပိုင်းများ၊ မိတ္ထီလာ-မန္တလေးလမ်းအပိုင်းရှိ မြို့ရှောင် လမ်းများ၊ ယခုဖောက်လုပ်လျက်ရှိသည့်အရှည် (၇) မိုင်ကျော်ရှိ ကျောက်ဆည်မြို့ရှောင်လမ်း အကျယ် (၇၂) ပေ (၆) လမ်းသွား ဖောက်လုပ်ထားရှိမှုကိုလည်းကောင်း ကျောက်ဆည်မြို့တွင်း လမ်းပေါ်ရှိ ဇော်ဂျီတံတား ကြံ့ခိုင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အရှေ့သာဂရ - ဆည်ကုန်းရွာလမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၊ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသော အရှည် ပေ ၂၂၀ ဇော်ဂျီမြစ် ကူးတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည် - မြစ်သား - မြင်းခြံလမ်း ပြင်ဆင် ထိန်းသိမ်းထားရှိသည့် အခြေအနေကိုလည်းကောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း (မန္တလေး - နေပြည်တော်အပိုင်း) လမ်းပြုပြင်ထိန်းသိမ်း ထားရှိမှုကိုလည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


