ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြား

နေပြည်တော် ဖေဖော်ဝါရီ ၆

မိမိတို့၏ဌာနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် စွမ်းဆောင်ရည်မြင့်မားရေးကို ကြိုးစားဖြည့်ဆည်းကြရန်နှင့် နိုင်ငံတော်၏မီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေးခေါ်ကြံဆမှုများ ရင့်သန်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းဆောင်ရွက်

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို စဉ်ဆက်မပြတ်သိရှိအောင် လေ့လာနေကြရန်နှင့် တိုးတက်လာသည့် နည်းပညာများကိုအသုံးပြု၍ သတင်းတု၊ သတင်းမှားများကိုချေဖျက်ပြီး ပြည်သူများထံ သတင်းမှန်ရောက်ရှိစေရေးအတွက် အစဉ်မပြတ် ကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက်လည်း သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း။

နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ လူငယ်များ၏ အသိပညာ၊ ဗဟုသုတတိုးပွားစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးတို့အတွက် အသိပညာပေးဟောပြောပွဲများ၊ စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးသည် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ဖြစ်သဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားရန်နှင့် ကဏ္ဍပေါင်းစုံမှ ကြိုတင်ပြင်ဆင်ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု၊ စာကြည့်တိုက်ဝန်ဆောင်မှုနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊ စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော်များ ဆောင်ရွက်နိုင်မှု၊ သတင်းမှန်များ ပေးပို့ဖော်ပြနိုင်မှု၊ မူပိုင်ခွင့်မှတ်ပုံတင်နှင့် ရုပ်ရှင်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု၊ တစ်နှစ်တာကာလအတွင်း တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်၊ သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

လေ့လာဆည်းပူး

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာကြည့်တိုက်များ၏ လိုအပ်ချက်များကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အသိပညာ၊ ဗဟုသုတများ၊ လုပ်ငန်းရေးရာများ၊ ခေါင်းဆောင်မှုပညာရပ်များ စသည်တို့ကို အစဉ်မပြတ် လေ့လာဆည်းပူးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသအသီးသီးရှိ ဝန်ထမ်းများအတွက် ဝတ်စုံများ ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်