ရန်ကုန် ဩဂုတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့် မြေနေရာ၌ အဆောက်အအုံဟောင်းများ ရှင်းလင်းဖျက်သိမ်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) တည်ဆောက်မည့် မြေနေရာရှိ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်နေမှုအပေါ် မလွတ်ကင်းသည့် အပင်များ ဖယ်ရှားရှင်းလင်းနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားပြီး စာပေဗိမာန်စာကြည့်တိုက်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ဆောင်ရွက်မည့် သုံးထပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကြံ့ခိုင်မှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ၌ ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်ရာရောက်စေမည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာပေါ်ပေါက် ဖြစ်ထွန်းလာစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ စာပေအနုပညာဆိုင်ရာပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် လမ်းညွှန်မှုပြုခဲ့သည့်အတွက် စာဆိုဗိမာန်တည်ဆောက် ရေးစီမံကိန်းလုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေတိုင်းရပ်ကွက် (၁၈-အေ)၊ မြေကွက်အမှတ် (၂၉ ၏ တစ်စိတ် တစ်ဒေသ) အခမဲ့မြေကွက်အမျိုးအစားဖြစ်သော မြေဧက ၂ ဒသမ ၁၈ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။
ဒီဇိုင်းပုံစံရေးဆွဲပေး
စာဆိုဗိမာန် အဆောက်အဦ ဒီဇိုင်းပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ရေးဆွဲပေးပြီး အဆောက်အဦ၏ ခန့်မှန်းတန်ဖိုးကို အဆောက်အဦဦးစီးဌာနက တာဝန်ယူတွက်ချက်ပေးခဲ့သည်။
အဆိုပါ စာဆိုဗိမာန် တည်ဆောက်ရေးစီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်ရန် ၁၈-၃-၂၀၂၄ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ စာဆိုဗိမာန် တည်ဆောက်ရေး စီမံကိန်းသဘောတူညီချက် (Project Agreement) ကို မြန်မာ - အိန္ဒိယ နှစ်နိုင်ငံမှ တာဝန်ရှိသူတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
စာဆိုဗိမာန်အဆောက်အဦ သုံးထပ် (RC) အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀x အမြင့် ၅၇ ပေ ၈ လက်မ သုံးထပ် (RC) အဆောက်အဦဖြစ်ပြီး ၅၂၁၂၈ စတုရန်းပေ ဖြစ်သည်။ စာဆိုဗိမာန်တည်ဆောက်ရေးစီမံ ကိန်းတိုးတက်ပြီးစီးမှုကို စောင့်ကြည့်ရန် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပါဝင်သည့် (Joint Project Mornitoring Committee - JPMC) ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည်။
လေလံတင်ရောင်းချ
စာဆိုဗိမာန် အဆောက်အဦ တည်ဆောက်မည့် မြေနေရာနှင့် လွတ်ကင်းမှုမရှိသည့် အဆောက်အအုံဟောင်းလေးလုံးကို လေလံတင်ရောင်းချခဲ့ပြီး တင်ဒါအောင်မြင်သည့်အဖွဲ့က သတ်မှတ်ရက်အတိုင်း ဖျက်သိမ်းရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
စာဆိုဗိမာန်အဆောက်အဦကို နှစ်နှစ်စီမံကိန်းအဖြစ် သတ်မှတ်ပြီး စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) တည်ဆောက်ရေးအတွက် ဈေးနှုန်းအဆိုပြုလွှာ ဖိတ်ခေါ်၍ တင်သွင်းလာခဲ့ရာ ယင်းတင်သွင်းလာသည့် ဈေးနှုန်းအဆိုပြုလွှာများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ မကြာမီကာလတွင် အဆိုပါ စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆောက်အဦတည်ဆောက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


