နေပြည်တော် ဇွန် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာရှိ အများပိုင်မြေနေရာ၌ ကျွန်းပင်(၃၀၀)၊ ပျဉ်းကတိုး(၁၅)ပင်၊ ပိတောက် ပင်(၁၀၀)၊ တမာပင် (၁၀၀)၊ ကုက္ကိုလ်ပင် (၂၅၀)၊ မန်ကျည်းပင် (၁၅၀)၊ ကြိမ်ရိုး (၁၅)ပင်၊ မယ်ဇလီ ပင်(၁၀၀)၊ ကံ့ကော်(၁၀)ပင်၊ ခရေပင် (၃)ပင် စသည့် အရိပ်ရနှစ်ရှည်ပင် (၅၁၃)ပင် ကို စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တစ်ပြိုင် တည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသော သစ်ပင်များ ရှင်သန်ကြီးထွားရေးကို သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပြုစုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင် များကို စိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၊ ကျောင်းသား ကျောင်းသူ များက ကျွန်း၊ ပိတောက်၊ တမာပင်၊ ကုက္ကိုလ်၊ မယ်ဇလီ စသည့် အရိပ်ရနှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာရှိ မွေးမြူရေးအစုအဖွဲ့များမှ ကျေးလက် စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေ၊ ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစီမံကိန်း (IPRCC)ရန်ပုံငွေတို့ဖြင့် အသားတိုးဝက်များမွေးမြူ ထားရှိမှုလည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကျေးရွာ ကော်မတီတို့ပူးပေါင်း၍ စက်ရက်ကန်းဖြင့် ပိတ်စများ စမ်းသပ်ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ရုံးများ၌ လည်းကောင်း ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက ပျိုးပင်များကို စုပေါင်းစိုက်ပျိုးပေးကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် ကျွန်းပင် (၃၀၀)၊ ပျဉ်းကတိုး(၁၅)ပင်၊ ပိတောက်ပင်(၁၀၀)၊ ရေတမာ(၁၂၅)ပင် ၊ ကုက္ကိုလ်ပင်(၂၅၀)၊ ခရေ(၂၃)ပင်၊ ကံကော် (၁၀)ပင်၊ မန်ကျည်း(၁၅၀)ပင် ၊ ကြိမ်ရိုး (၁၅)ပင်၊ မယ်ဇလီပင်(၁၂၀) ၊ မဟော်ဂနီ (၄၅)ပင်၊ စက္ကူပန်းပင်(၄၀)၊ နွယ်သာကီပင် (၁၅၀)၊ ပန်းအိပင်(၄၀)၊ ငုဝါပင်(၄၅)၊ စိန်ပန်း(၄၅)ပင်နှင့် ပျဉ်းမပင်(၂၀) စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၇)မျိုး စုစုပေါင်း (၁၄၉၃) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


