နေပြည်တော် ဇန်နဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ကမ်းနီးငါးဇုံရှိ F.O.B စစ်ဆေးရေးစခန်း၌ ငါးဖမ်းစက်လှေများနှင့် ပို့ကုန်၊ သွင်းကုန် တင်သွင်းရာတွင် စစ်ဆေးရေး အဖွဲ့များမှ ချက်ပွိုင့်စစ်ဆေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ သမဝါယမအသင်းရုံးကို လည်းကောင်း  ကြည့်ရှုစစ်ဆေးပြီး ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်း အမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကော့သောင်းမြို့နယ် စိုင်ဒင်းကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စိုင်ဒင်းကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိက ကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေး လုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးပြောကြားသည်။

ယင်းနောက် စီမံကိန်းရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ဘက်စုံသုံးခန်းမ၊ ကျေးရွာစာကြည့်တိုက်၊ ကျေးရွာရေရရှိရေးအတွက် လက်တူးတွင်းကျယ်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ထိုက်အောင်လယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း လီမိတက်၏ သမဝါယမ(စံပြဈေး)ကို လည်းကောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက် သင်တန်းဆင်းသူများကိုအနက် လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ စံပယ်အပ်ချုပ်ဆိုင်ကို လည်းကောင်း၊ ကော့သောင်းမြို့နယ် ၈ မိုင်ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် သံဂဟေဆက်သင်တန်းဆင်းသူများအနက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသူများ၏ သံဂဟေဆက်လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုအားပေးပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက  ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် သင်တန်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ၌ ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူ ရေးသမဝါယမအသင်း အမှုဆောင်များ၊ အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကော့သောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးမှ ချောင်းဝကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်