ရန်ကုန် ဖေဖော်ဝါရီ ၁၅

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသည် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပနိုင်ငံများ၌ မြန်မာလုပ်သားများ အလုပ်အကိုင်ရရှိရေး၊ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအကြား ဆက်စပ်ဆောင်ရွက် ပေးနေရသော အသင်းဖြစ်သောကြောင့် ဝန်ကြီးဌာနအတွက် အရေးကြီးသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသည့် လုပ်ငန်းစဉ်စနစ်များကို လေ့လာပြီး အားသာချက် အားနည်းချက်များ ရှာဖွေဖော်ထုတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဖွဲ့ဝင်ကုမ္ပဏီများ၏ တင်ပြချက်များအပေါ် စိတ်ရှည်သည်းခံ ထိန်းညှိဆောင်ရွက်ရန်လိုကြောင်း၊ မိမိနိုင်ငံ၊ မိမိအဖွဲ့အစည်း၊ မိမိလုပ်သားများ ဂုဏ်သိက္ခာရှိစွာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။    
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ရှိ အဲယားကွန်းပြုပြင် ထိန်းသိမ်းရေးခန်းမ၊ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၊ မော်တော်ယာဉ်ပြုပြင်ရေးသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။    
ဆက်လက်၍ ထန်းတပင်မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ (ထန်းတပင်) ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် အလုပ်သမားဆေးရုံကြီး တစ်ခုဖြစ်စေရေး၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် အလုပ်သမားဆေးရုံကြီးရှိ အတွင်းလူနာကုသပေးသည့် ကုသဆောင်၊ လူနာဆောင်များ၊ ခွဲစိတ်ခန်းနှင့် အောက်ဆီဂျင်စက်ရုံဝန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသည့် အာမခံအလုပ်သမားများကို ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လှိုင်သာယာစက်မှု ဇုန်ရှိ Myanmar I-Tex Garment အထည်ချုပ်စက်ရုံရှိ WCC အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များကို တွေ့ဆုံပြီး စက်ရုံတာဝန်ရှိသူများအား အလုပ်သမားများအား အချိန်ပိုခိုင်းစေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေပါ ခံစားခွင့်များ၊ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ဆိုင်ရာ ကိစ္စရပ်များကို ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်