ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် Urban Policy Review Program အတွက် High – Level Kick – off meeting သို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော် ၁၈ ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Organization for Economic Cooperation and Development (OECD) တို့ပူးပေါင်း၍ Urban Policy Review Program အတွက် High – Level Kick – off meeting အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ဆွေးနွေးပွဲတွင် လက်ရှိမူဝါဒများကို အသုံးပြုနေသည့် အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အကူအညီ အထောက်အပံ့များ ပေးနေသည့် ဒေသတွင်း Stakeholders များ၊ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများကို ဖိတ်ကြားပြီး မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံများ၊ ရင်ဆိုင်နေရသော အခက်အခဲများ၊ လိုအပ်ချက်များကို နှီးနှောဖလှယ် ဆန်းစစ်လေ့လာပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှာဖွေသွားရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သင့်တော်ကောင်းမွန်သည့် မြေအသုံးချမှုနှင့် သဘာဝဘေးဒဏ်ကြံ့ခိုင်ပြီး ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်သည့် မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့ပြနှင့် ကျေးလက်များအချင်းချင်း ဆက်သွယ်သွားလာရေးကွန်ရက် ချိတ်ဆက်မှု အားကောင်းလာစေရန်၊ မြို့ပြများစနစ်ကျစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် သင့်လျော်သည့် မြို့ပြမူဝါဒများ ချမှတ်ပြီးလိုအပ်သော ဥပဒေများပြဋ္ဌာန်းဆောင်ရွက်ဖို့ အထူးလိုအပ်နေပါကြောင်း၊ ယနေ့ပြုလုပ်သည့် National Urban Policy Review Program အတွက် High – Level Kick – off meeting ဆွေးနွေးပွဲဟာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူဝါဒများချမှတ်ရန်အတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။

 

National Urban Policy Review ၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုညီမျှစေရန်၊ မြန်မာနိုင်ငံ၏ မြို့များမှတစ်ဆင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်လာစေရန် လက်ရှိကျင့်သုံးနေသည့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနှင့် မြေယာစီမံခန့်ခွဲရေးမူဝါဒတွေကို လေ့လာသုံးသပ်ရန်၊ အုပ်ချုပ်မှုအဖွဲ့အစည်းများကို အထောက်အပံ့ပေးနိုင်သည့် မူဝါဒအကြံပြုချက်များပေးရန်၊ ကာဗွန်ထုတ်လုပ်မှုနည်းပြီး သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်သော မြို့များဖြစ်ပေါ်လာစေရန်၊ ဒေသန္တရအစိုးရအဖွဲ့များ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အစရှိသည့်ကဏ္ဍများကို ဆန်းစစ်လေ့လာ သွားမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအတွက် National Urban Policy Review အစီအစဉ်ကိုကူညီထောက်ပံ့ပေးသည့် OECD နှင့်တကွ ယနေ့ High – Level Kick – off meeting ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသူ/နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါလှသည့် အမျိုးသားမြို့ပြမူဝါဒကို ခိုင်မာစွာ ရေးဆွဲအကောင်အထည်ဖော်သွားနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြရန် အကြံပြုတိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် Organization for Economic Cooperation and Development (OECD) မှ Mr. Keith Thorpe က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး Mr. Tadashi Matsumoto က အမျိုးသားမြို့ပြမူဝါဒဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်တို့သည် National Urban Policy Review , High – Level Kick – off meeting သို့ တက်ရောက်လာသည့် Organization for Economic Cooperation and Development (OECD) မှ Vice - Chairman, Mr. Keith Thorpe နှင့်အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ  ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။

 

 ထို့နောက် National Urban Policy Review, High – Level Kick – off meeting ကို ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ မြို့ပြမူဝါဒဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဌာန၏ မူဝါဒများ၊ နည်းဗျူဟာစီမံကိန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြကာ ဆွေးနွေးမှုရလဒ်အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်