နေပြည်တော် ဇွန် ၂၁

         

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုဦးစီးဌာန တိုင်းရင်းသားစာပေသင်ကြားသည့် Teaching Assistant  (TA) နှင့် Language Teacher (LT) ခန့်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကိုဗစ်ရောဂါကြောင့် အစိုးရ ကျောင်းများပိတ်ထားရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇွန် ၁ ရက်မှစ၍ ကျောင်း များပြန်လည်ဖွင့်လှစ်လာသည်နှင့်အမျှ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စများလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ  Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားရေး အမိန့်စာ များထွက်လာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှလည်း TA နှင့် LT လျှောက်လွှာများကို ဝန်ကြီးဌာနသို့ ပေးပို့လာပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့သွားရမည်ဖြစ်ပါကြောင်း။

ယခင်က တိုင်းရင်းသားစာပေများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သင်ကြားခဲ့ကြရပါကြောင်း၊ ယခုအချိန်တွင် တိုင်းရင်းသားအရေးကို ဦးစားပေးလာပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ရှေးရှုဆောင်ရွက်ခြင်း၊ စာပေနှင့် ယဉ်ကျေးမှုများကို တိုးတက် ဖြစ်ထွန်းစေခြင်း၊ တိုင်းရင်းသားများတန်းတူ အခွင့်အရေးကို မျှမျှတတ ရရှိစေခြင်းဖြင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခု ဖြစ်လာစေရေး ရှေးရှုဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က Teaching Assistant(TA)နှင့် Language Teacher(LT) ဆရာ/ဆရာမများ ခန့်ထားခြင်းအပေါ် သုတေသနပြု လေ့လာပြီး တိုးတက်မှုရလဒ်ကို အစီရင်ခံစာပြုစု၍ တိုင်းပြည်အတွက် အကျိုးပြုမှုကို တင်ပြရန်လိုအပ်ပါကြောင်း ပြောကြားသည်။                                  

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ် တို့က ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်