နေပြည်တော်၊ ၂၆ ဒီဇင်ဘာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊နေပြည်တော်ကောင်စီ ကောင်စီဝင်(၂) ဦးတင်ထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ ငါးတဲစု ကျေးရွာ၊ မဲပေါက်ကျေးရွာနှင့် အထက်ပေါင်းလောင်းဆည်သို့ သွားရောက်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) နှင့် သင့်တော်သည့်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး အခြေအနေများကို ကွင်းဆင်းလေ့လာ ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အဖွဲ့သည် တဲစုကျေးရွာနှင့် မဲပေါက် ကျေးရွာများသို့ သွားရောက်ကာ အဆိုပါကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)နှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်နိုင်မှုများကို လှည့်လည်ကြည့်ရှုပြီး ကျေးရွာအတွင်းနေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြို့ကြီးပြကြီးများတွင် သာမက ကျေးရွာများရှိ ဒေသခံများပါ အဓိကလုပ်ကိုင်နိုင်သည့် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ဖော်ဆောင် နိုင်ရန်အတွက် အဓိကလာရောက်ခြင်း ဖြစ်ပါကြောင်း၊ CBT လုပ်ငန်းကို ဖော်ဆောင်ခြင်းသည် ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းများကိုရရှိစေပြီး ဒေသဖွံ့ဖြိုးရေးကိုလည်းများစွာ အထောက်အကူပြုသည့်အတွက် ဖော်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ CBT ဖော်ဆောင်ရာတွင် ဖော်ဆောင်မည့် ကျေးရွာများမှ ဒေသခံအချို့ကိုလက်ရှိ CBT လုပ်ငန်းတွင် အောင်မြင်ပြီးဖြစ် သည့် CBT ကျေးရွာများသို့ သွားရောက်လေ့လာစေခြင်း၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းအတွက် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့ကို ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်းဆည်သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

မဲပေါက်ကျေးရွာသည် ပျဉ်းမနားမြို့နယ်နှင့် ၂၄  မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ ကျော်တွင် တည်ရှိသည်။ ဒေသခံများအနေနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဒေသခံတို့၏ ရိုးရာ နေထိုင်မှုပုံစံများ၊ တောတောင်သဘာဝရှုခင်းများကြောင့် လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် သင့်တော်သည့်ဒေသတစ်ခု ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း CBT သည် အောင်မြင် နေသည့် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် သဘာဝတောတောင် ရေမြေရှုခင်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာနေထိုင်မှုပုံစံများသည် CBT ဖော်ဆောင်ရန် အထူးသင့်တော်သည့် နိုင်ငံဖြစ်သောကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် တိုင်းဒေသကြီး ပြည်နယ်များတွင် CBT ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်