နေပြည်တော် ၁၀ အောက်တိုဘာ

 

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင် ကော်မတီအစည်းအဝေးတွင် တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့သည်။

 

အောက်တိုဘာ ၈ ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာ ဆောင်ရွက်ထားမှု၊ မြန်မာနိုင်ငံအစိုးရသည် ဖြစ်ပွားခဲ့သော ရေရှည်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်မှု၊ UEHRD စီမံကိန်းအောက်တွင် လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့ဖြင့် ဆောင်ရွက်မှု၊ UNDP နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ ဖော်ထုတ်ထားရှိမှု၊ အာဆီယံကလည်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဖော်ထုတ်ထားရှိမှု၊ "ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ" ကို အတည်ပြုထားရှိမှု၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

Mr. Filippo Grandi က မြန်မာနိုင်ငံအနေဖြင့် အရေးကြီးဆုံးနှင့် အမြန်ဆောင်ရွက်သင့်သည်မှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်၍ သတင်းမှန်များ ရှင်းလင်းပြောကြားသင့်ပါကြောင်း၊ တစ်ဘက်နိုင်ငံ ရောက်နေသူများနည်းတူ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကိစ္စကိုလည်း အလေးထား ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် UNDP နှင့် UNHCR တို့၏ လုပ်ငန်းများကို နားလည်မှုစာချွန်လွှာအတိုင်း ပိုမိုပူးပေါင်းဆောင်ရွက်သင့်ပါကြောင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကြုံပြုဆွေးနွေးခဲ့သည်။

 

mdn

 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ ဥက္ကဋ္ဌ Mr. Peter Maurer နှင့် အောက်တိုဘာ ၉ ရက်တွင်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေး ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)ဖြင့် ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိလုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် နေပြည်တော်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ကြောင်း၊ ကချင်ပြည်နယ်တွင်လည်း လူသားချင်းစာနာ ကူညီမှုလုပ်ငန်းအတွက် ICRC နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သကဲ့သို့ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးအတွက် "ပြည်တွင်းနေရပ်စွန်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ"အရ ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။

 

ICRC ၏ ဥက္ကဋ္ဌ Mr. Peter Maurer က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ တွေ့ကြုံနေရခြင်းအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ညှိနှိုင်းရရှိချက်များကို လက်တွေ့တစ်ဆင့်ချင်းတစ်ဆင့် အကောင်အထည်ဖော်ရန် ဖြစ်ပါကြောင်း၊ ICRC အနေဖြင့် မိုင်းအန္တရာယ်လျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းတွင် အထူးကျွမ်းကျင်သူများ ရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် မိုင်းအန္တရာယ်လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်လိုပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် ICRC အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

 

mdn

 

ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Mami Mizutori နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှု အစီရင်ခံစာကို ယမန်နှစ်က တင်သွင်းနိုင်မှု၊ အစီရင်ခံစာပြုစုရာတွင် လိုအပ်သော သတင်းအချက်အလက်များကို စုစည်းနိုင်ရန် နိုင်ငံတော်အဆင့် သတင်းအချက်အလက် စနစ်တစ်ရပ် ထူထောင်ရေးနှင့် ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုကို အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်လေ့လာနိုင်ရေးအတွက် နည်းပညာအကူအညီပေးအပ်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးဒဏ်ခံနိုင်ရည်ရှိသော မြို့တော်စီမံကိန်းအတွက် မော်လမြိုင်မြို့အား ရွေးချယ်ထားရာ မွန်ပြည်နယ်တွင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး စီမံချက်ရေးဆွဲရေးတွင် လိုအပ်သောအရင်းအမြစ်များ ကူညီပေးစေလိုပါကြောင်း ဆွေးနွေးခဲ့သည်။

 

Ms. MamiMizutori က မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆောင်ရွက်ရာတွင် အသိအမှတ်ပြုသင့်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်၏ Target E အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုမှာ ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ နိုင်ငံတော်အဆင့် မူဝါဒလမ်းစဉ်ထူထောင်ရန် ဆောင်ရွက်နေကြောင်းသိရ၍ ဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် ပိုမိုပူးပေါင်းဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်