နေပြည်တော် ဒီဇင်ဘာလ ၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ နှင့် အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေး စီမံကိန်းဖော်ဆောင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ပင်သာကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ကျေးရွာအား ဝန်ကြီးဌာနမှ ဖော်ဆောင် လျက်ရှိသည့် ခရီးသွားစံပြကျေးရွာများအနက် တစ်ရွာအဖြစ်ပါ ဝင်လာနိုင်ရန် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျေးရွာ၌ လူထုအခြေပြု သဘာဝအခြေခံခရီးသွား လုပ်ငန်းဖော်ဆောင်နိုင်ပါက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ဖိတ် ခေါ်နိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် ရေးကို အထောက်အ ပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ကျေးရွာရှိဒေသခံများအနေဖြင့် မိမိတို့၏ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုး တိုးတက်ရေး အတွက်အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း က ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညောင်ပင် သာကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ဒေသခံများထံသို့ စားသောက်ဖွယ်ရာများ ကိုထောက်ပံ့ပေးအပ်ပြီး၊ ကျေးရွာအတွင်း Community Center တည်ဆောက်မှု အခြေအနေနှင့် လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်