နေပြည်တော်၊ နိုဝင်ဘာ ၂၃
ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပြည်တွင်း/ ပြည်ပမှ နှလုံးရောဂါအထူးကု ဆရာဝန်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံကို “Towards Holistic and Comprehensive Cardiac Care” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ နှလုံးရောဂါပညာရပ်ဆိုင်ရာ ဆေးပညာရှင်များ၏ လူနာများကို ဗဟိုပြု၍နှလုံးဆေးကုသမှုနှင့် နှလုံးခွဲစိတ်ကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကိုဂုဏ်ပြုပါကြောင်း၊ ယခုညီလာခံ၌ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အပြန်အလှန် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေကြမည်ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ နှလုံးရောဂါအထူးကုဆရာဝန်များအတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်ပါသဖြင့် လူနာဗဟိုပြုဆေးကုသမှု လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ 
မြန်မာနိုင်ငံ နှလုံးရောဂါဆေးပညာရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၃၇၅) ကြိမ်၊ နှလုံးသွေးကြောချဲ့ကုသမှု (၃၈၀၅) ကြိမ်၊ နှလုံးစက်တပ်ကုသမှု (၁၀၁၄) ကြိမ်၊ နှလုံးလျှပ်စီး လမ်းကြောင်းဖြတ်တောက်ကုသမှု (၁၀၀၅) ကြိမ်တို့ကိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါဆေးပညာရပ်ဖွံ့ဖြိုးတိုးတက်စေရေး အဖက်ဖက်မှ ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး(နှလုံးရောဂါဆေးပညာ)၊ ပါမောက္ခ ဒေါက်တာနွယ်နွယ်က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံပြခန်းကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရပ်ဆိုင်ရာ ညီလာခံပြခန်းနှင့် ခင်းကျင်းပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ညီလာခံပထမနေ့၏ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ဟောပြောပွဲ (၅) ခု ပါဝင်ပြီး ပြည်တွင်းပြည်ပ နှလုံးရောဂါပညာရှင်များက နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ကုသခြင်း၊ နှလုံးညှစ်အားနည်းခြင်း ရောဂါ၏တိုးတက်နေသောကုထုံးများ၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကို အသုံးချခြင်း၊ နှလုံးအဆို့ရှင်ရောဂါကုသနည်းများ၊ မွေးရာပါနှလုံးရော ဂါကုသနည်းများကို ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များမှ တင်ပြဆွေးနွေးကြပြီး တက်ရောက်လာသည့် နှလုံးအထူးကုဆရာဝန်များနှင့် အထွေထွေရောဂါကုဆရာဝန်များက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးကြသည်။
အဆိုပါညီလာခံကို နိုဝင်ဘာ (၂၃) ရက်မှ (၂၄) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံမှ နှလုံးရောဂါဆေးပညာရှင်များနှင့်အတူ ဆေးပညာရပ်ဆိုင်ရာဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများမျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်