နေပြည်တော် ၂၃ ဇွန်
စီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ် ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မကြာမီကာလတွင် တာဝန်ပြီးဆုံးတော့မည့် စီးပွားရေးသံမှူးများ နေရာတွင် စီးပွားရေးသံမှူးအသစ်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် စီးပွားရေးသံမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် လက်ရှိကြုံတွေ့နေရသည့် အခြေအနေများအပေါ် အခြေခံ၍ကောင်းမွန်သည့် အကြံပြုချက် များကိုလည်း တင်ပြပေးစေ လိုပါကြောင်း၊ စီးပွားရေးသံမှူးများ အနေဖြင့် မိမိတို့တာဝန် ထမ်းဆောင်ရာ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေများနှင့် ဖြစ်ပေါ် တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြား ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပို့ကုန်များအား G to G စနစ်ဖြင့် တင်ပို့နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားရန် လိုအပ်သည့်အပြင် မိမိနိုင်ငံထွက်ကုန် များကို ဝယ်ယူမည့်နိုင်ငံများ၏ စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်များ၊ လိုအပ်ချက်များကို လေ့လာတင်ပြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်း ဝန်၊ ဦးမင်းမင်းက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကိုရီးယား နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (နန်နင်းမြို့၊ဟောင်ကောင်မြို့၊ ကူမင်းမြို့)၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေ သည့် စီးပွားရေးသံမှူးများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


