ဒီလီ  ၃၁  သြဂုတ်


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် တီမောလက်စ်တေနိုင်ငံ မြို့တော် ဒီလီရှိ အစိုးရအိမ်တော်၌ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Taur Matan Ruak အား သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

 

mdn


ပြည်ထောင်စုဝန်ကြီးသည် တီမောလက်စ်တေနိုင်ငံ ဒီလီမြို့၌ သြဂုတ် ၃၀ ရက်က ကျင်းပသည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိစဉ် ထိုသို့ သီးခြား တွေ့ဆုံနှုတ်ဆက်ခြင်း ဖြစ်သည်။

 

mdn


တွေ့ဆုံနှုတ်ဆက်စဉ် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)သို့ တီမောလက်စ်တေနိုင်ငံ ဝင်ရောက်ခွင့် ရရှိရေး ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံမှ ထောက်ခံကူညီ ပံ့ပိုးပေးစေလိုမှု၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်လိုမှုနှင့် တီမောလက်စ်တေနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဘိလပ်မြေနှင့် ကော်ဖီထုတ်လုပ်တင်ပို့မှု စသည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

mdn


ထို့နောက် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့သည် နှစ်နိုင်ငံဆိုင်ရာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

mdn


အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဒေါ်ငြိမ်းအိဖြူတို့ တက်ရောက်ကြပြီး တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီးချုပ်ရုံးမှ ရုံးအဖွဲ့မှူး၊   မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


သတင်းစဉ်