ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ရှောင်တခင်သွားရောက် အားကစားလေ့ကျင့်နေမှုများကို လေ့လာကြည့်ရှု အမှာစကားပြောကြား

ရန်ကုန်မြို့ ၂၄ ဒီဇင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) သို့ သွားရောက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ကျောင်းသား/ ကျောင်းသူများ၏ ရေကူး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကရာတေး စသည့် အားကစားနည်းများ လေ့ကျင့်နေမှုများကို ရှောင်တခင် လှည့်လည်ကြည့်ရှုသည်။

လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်ထောက်ပံ့သူများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာရေးတွင် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်း (၆)ကျောင်း၏ အခန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများကို သိပ္ပံနည်းကျ လေ့ကျင့်ပေးရန် လိုအပ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် ကျင့်သုံးနေသော နောက်ဆုံးပေါ် နည်းစနစ်များကိုလည်း  အမြဲလေ့လာရန် လိုအပ်ပါကြောင်း။

အားကစားသမားတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ လေ့ကျင့်မှုအခြေအနေ၊ စွမ်းဆောင်ရည်တိုးတက်မှုနှင့် စံချိန်တို့ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုကာ ကွန်ပျူတာဖြင့် စနစ်တကျမှတ်တမ်းတင်ထားရန် အရေးကြီးပါကြောင်း၊ အားကစားသမား တစ်ဦးချင်းစီ၏ စံချိန်များကို အရှေ့တောင်အာရှ စံချိန်၊ အာရှစံချိန်နှင့် ကမ္ဘာ့စံချိန်များနှင့် နှိုင်းယှဉ်လေ့လာရန်လိုအပ်ပါကြောင်း၊ အားကစားပါရမီမြင့်မားသည့် ထူးချွန်အားကစားသမားများကို သီးသန့်လေ့ကျင့် သင်ကြားမှုများဖြင့် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားအမျိုးအစားအလိုက် လိုအပ်သည့် အာဟာရဖွံ့ဖြိုးပြည့်ဝမှု ရှိစေရေးအတွက် အားကစားသမားများကို အစားအစာများ စနစ်တကျကျွေးမွေးရမည်ဖြစ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစေရေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အားကစားသမားများ အာဟာရဖွံ့ဖြိုးမှုရှိစေရေး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အားကစားသမား အနေဖြင့်လည်း ထူးချွန်အောင်မြင်ရမည်ဟူသော ရည်မှန်းချက်ချမှတ်ကာ စိတ်ဓာတ်ခိုင်မာစွာ၊ ဇွဲလုံလပြည့်ဝစွာဖြင့် ကြိုးစားကြစေလိုပါကြောင်း။

တစ်နိုင်ငံလုံးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ သင်တန်းသား ရွေးချယ်ပုံနည်းလမ်းနှင့် စံသတ်မှတ်ချက်များ၊ သင်ကြားပုံနည်းစနစ်များ၊ ကျောင်းအလိုက် အထူးပြုသင်ကြားမည့် အားကစားနည်းများ သတ်မှတ်ရေး၊ အားကစားကိုသာ အဓိကလေ့ကျင့်သင်ကြားပေးပြီး အားကစားနှင့်မသက်ဆိုင်သော အခြားဘာသာရပ် စာများကို တတ်နိုင်သမျှလျှော့ချရေး၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေး၊ ထူးချွန်မည့် အလားအလာရှိသော လူငယ်အားကစားသမားကို ထောက်လှမ်းရှာဖွေခြင်း အပါအဝင် ထူးချွန်သောအားကစား သမားများ လေ့ကျင့်မွေးမြူနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများပါဝင်သော ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီးတစ်ခုကို အမြန်ဆုံးခေါ်ယူကျင်းပသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား အားကစားနှင့် ကာယပညာကျောင်း၊ ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြများက လေ့ကျင့်သင်ကြားနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်