ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့)

 

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် လွန်စွာထူးခြားလေးနက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်အပြည့်အဝဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြန်မာတို့၏ သမိုင်းဝင်အမျိုးသား အောင်ပွဲနေ့ အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

တိုင်းရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်သော မြန်မာနိုင်ငံတွင် မြန်မာဆိုသည့် ဝေါဟာရကို မြန်မာသက္ကရာဇ် ၄၅၂ ခု၊ ပုဂံခေတ်တောင်ဂူနီ ဘုရားကျောက်စာ၌ စတင်တွေ့ရှိရပြီး လွန်စွာ အနက်အဓိပ္ပာယ်ပြည့်ဝ၍ ထူးခြားသည့် ဝိသေသလက္ခဏာများ ပြည့်ဝသည်ဟု ဆိုနိုင်ပါသည်။ မြန်မာဆိုသည်မှာ လူမျိုးတစ်မျိုးတည်း၏ အမည်နာမ မဟုတ်ဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုဆိုလိုခြင်းဖြစ်ပါသည်။

 

မြန်မာတို့သည် ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသော်လည်း ဗြိတိသျှတို့၏ နယ်ချဲ့စနစ် ကြောင့် ၁၈၈၅ ခုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရပါသည်။ နယ်ချဲ့တို့သည် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ပညာရေးတို့ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ကျွန်သက်ရှည်အောင်လုပ်ဆောင်ခဲ့ကြပါသည်၊၊ မြန်မာတိုင်းရင်းသားများသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ရာဇဝင်တွင် မော်ကွန်း တင်နိုင်သည်အထိ တွန်းလှန်ခဲ့ကြပါသည်။ နယ်ချဲ့ဆန့်ကျင် ရေးလှုပ်ရှားမှုများကို ပြန်ကြည့်ပါက တစ်မျိုးသားလုံး နေရာစုံ၊ အလွှာစုံတို့က တော်လှန်ခဲ့ကြသည်မှာလည်း သမိုင်းက သက်သေခံလျက်ရှိပါသည်၊၊ ထိုသို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်း မှုများသည် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်များ ပိုမိုနိုးကြား တက်ကြွလာစေပြီး အမျိုးသားအောင်ပွဲနေ့အတွက် မျိုးစေ့ချပေးနိုင်ခဲ့ သည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့သည် ပညာရေးစနစ်ကို အကောင်းဆုံးလက်နက်တစ်ခုအဖြစ် အသုံးချ၍ မြန်မာတို့ကို အသိဉာဏ်ပညာနိမ့်ပါးအောင် ပြုလုပ်ခဲ့ကြပါသည်။

 

၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗြိတိသျှ အစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုတို့ ပါဝင်ဖွဲ့စည်းကာ ရန်ကုန် တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်တွင် ပြဋ္ဌာန်း ဖွဲ့စည်းခဲ့ပါသည်။ ထိုအက်ဥပဒေသည် မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာသင်ယူခွင့်မရအောင် ကန့်သတ်ထားခြင်းဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ် ကျောင်းသားများက ဆန့်ကျင်ခဲ့ကြပြီး ထိုလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးပါဝင်ခဲ့ကြပါသည်။

 

၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ ကျင်းပခဲ့သော ဂျီစီဘီအေ အထူးကွန်ဖရင့်က “အမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ကြ ပါသည်။ ယင်းနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအပေါ် အောင်ပွဲခံသောနေ့ဖြစ်၍ “အမျိုးသား အောင်ပွဲနေ့” ဟုလည်း ခေါ်ဝေါ် ခြင်းဖြစ်ပါသည်။ အမျိုးသားနေ့ကို တိုင်းရင်းသားအားလုံးတို့က အမြတ်တနိုးတန်ဖိုးထားကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ရည်မှန်းလျက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ကြပါသည်။

 

ယနေ့အချိန်အခါတွင် နိုင်ငံတော်သည် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက ်ရှိနေပါသည်။ အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သော စုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အောင်မြင်စွာတည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာအောင် စီမံဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှုအနှစ်သာရကို အခြေခံလျက် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး၏ စုစည်းညီညွတ်မှုအားဖြင့် ငြိမ်းချမ်းသာယာသော ဘက်စုံဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ကြရမည်ဖြစ်ပါသည်။

 

နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့အပေါ်တွင် အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက်လျက်ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသအသီးသီးမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏အကျိုးကို ရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီး ပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အခြေခံ အုတ်မြစ်ဖြစ်သည့်အားလျော်စွာ ကျောင်းနေအရွယ် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းတက်ရောက်နိုင်ရေးအတွက် အခမဲ့ပညာရေးဖြင့် အကောင်အထည်ဖော်လျက်ရှိရာ မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ရေးမှာ အရေးကြီးလှပါသည်။ နိုင်ငံသားတိုင်း ပညာတတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာတတ်မြောက်သော ပညာရည်မြင့်မားသော ပညာတတ်များ၊ စွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပညာရေးက လေ့ကျင့်ပျိုးထောင်ပေးသည့် တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို အမျိုးသားရေး တာဝန်အဖြစ် ဆက်လက်ထိန်းသိမ်း ကြရမည်ဖြစ်သည်။

သို့မှသာ ဆရာဇော်ဂျီ၏ စာပေလောက ကဗျာကဲ့သို့ “ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့ ကိုယ့်မျိုးဂုဏ် တစ်မာန်တက်” နိုင်မည်ဖြစ်ပေသည်။ “သူကတစ်ဖြာ၊ ငါကတစ်ဖုံ၊ ထုံတတ်သည်မှာ၊ ဓမ္မတာဖြစ်သော်လည်း၊ ငါစွဲမသို၊ ကိုယ်စွဲမထားဘဲ” အမျိုးသားတိုးတက်ရေးကို ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ မှန်ကန်သော မျိုးချစ်စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင်ကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်ပြီး စိတ်ရင်းစေတနာကောင်းများဖြင့် တိုင်းပြည်တိုးတက်အောင် စွမ်းဆောင်ကြရမည်ဖြစ်ပါသည်။

နိုင်ငံသားတိုင်းက၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ ဦးတည်ချက်များဖြစ်သော-

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး တည်ဆောက်ရေး၊

ကောင်းမြတ်မှန်ကန်သော မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရရှင်သန်ထက်မြက်ရေး၊

အမျိုးသားပညာရည်မြှင့်တင်လျက် စွမ်းဆောင်ရည်မြင့်မား သော နိုင်ငံသားများ ပေါ်ထွန်းလာစေရေး၊

မြန်မာ့လူမှုစီးပွားရေးကို ခေတ်မီနည်းပညာစွမ်းအားဖြင့် မြင့်မားအောင်ဆောင်ရွက်ရေး၊

တို့အတွက် ခိုင်မြဲသောစိတ်ဓာတ်၊ မလျှော့သောဇွဲလုံ့လ၊ ကြီးမားသော ဉာဏ်ပညာတို့ဖြင့် ဆက်လက်ကြိုးပမ်း အကောင်ထည်ဖော် ဆောင်ရွက်ကြရပါမည်။

ဤသို့အနှစ်သာရပြည့်ဝပြီး ထူးခြားလေးမြတ်လှသော အမျိုးသား အောင်ပွဲနေ့အခါသမယ၌ “နိုင်ငံဘက်စုံ ဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ-

ဘိုးဘွားအမွေ အမိပြည်ထောင်စုကြီးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွားကြပါရန်၊

တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ် သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်သွားကြပါရန်၊

အတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို အားလုံးကကြိုးစားပြုစု ပျိုးထောင်ပေးကြပါရန်၊

ခေတ်စနစ် လိုအပ်ချက်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက် စေသော ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ဝိုင်းဝန်းစွမ်းဆောင် ပေးကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ